စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၈၈) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၀၁၃) ဦးရှိပြီး ထိုအထဲမှ (၂၂၆၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၁၀)ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၈၅) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

မကွေးတိုင်း၊ မကွေးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားတဦးသည် ညွှန်ကြားရေးမှူးလာရောက် ချိန် ထောင်တွင်းဖိနှိပ်မှုများကို တင်ပြခဲ့မှုကြောင့် တိုက်ပိတ်ပြစ်ဒဏ်ပေးခံခဲ့သည်ဟု သိရသည်။

အရပ်သားများအနေဖြင့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကို နေ့စဉ်ရင်ဆိုင်နေရလျက်ရှိရာ နိုဝင်ဘာလ ၁၇ ရက်နေ့က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းကျေးရွာကိုလည်းကောင်း၊  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ငူကျေးရွာကိုလည်းကောင်း လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် ပြည်သူခြောက်ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့သလို၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူငါးဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မြေပြင်အချက်အလက်များက ဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ငါးဦးထက်မနည်း သေဆုံးခဲ့ကာ၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာ၌လည်း စစ်တပ်၏ ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့ကာ သက်တော် ၈၀ ဝန်းကျင် ဆရာတော်တပါးလည်း ပျံလွန်တော်မူခဲ့သည်ဟု သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)