စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၁၄) ဦးရှိပြီး ထိုအထဲမှ (၂၂၅၁၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၈၂)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် စစ်ရေးတိုးမြှင့်လာနေသည့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ အရှိန်အဟုန်တိုးမြှင့်လျက်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၅၅) ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မန်ဟုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တဦးအပါအဝင် စုစုပေါင်း (၁၀) ဦးသေဆုံးခဲ့သလို၊ အောက်တိုဘာလ ၈ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ထင်းချောင်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ရ သည်။ အလားတူ အောက်တိုဘာလ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်အနောက်ရွာမှ ကလေးများအပါအဝင် ပြည်သူ ၅ ဦး သေဆုံးနှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်ကျေးရွာမှ ပြည်သူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

