စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇူလိုင် ၃၁  ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇူလိုင် ၃၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၁၈) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၇၉) ဦးရှိပြီး ထိုအထဲမှ (၂၂၂၄၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၉) ဦးနှင့် အမျိုးသား (၅၅) ဦး စုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၅) ဦး ပါဝင်သည်။ အဆိုပါ (၁၀၄) ဦး အနက် (၇၁) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး၊ (၂၂) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါ သေဆုံးသူ (၁၀၄) ဦး အနက် စစ်ကိုင်းတိုင်းတွင် (၄၄) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်သည်။ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၄၀) ဦး ၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်း ပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်သို့ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နှင့် အရှေ့ရွာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးဝင်းကြည်၊ မနိုင်၊ ဒေါ်ဝင်းမြင့်၊ မအယ်လေးနှင့် ဒေါ်ရီဌေးတို့ ငါးဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။

အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက  နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁) ဦး စုစုပေါင်း (၅) ဦး ဖမ်းဆီးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)