စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၉၀၀) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၇၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၀၇၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၇၁၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၄၉) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက်အလက် များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

ယနေ့ရရှိသော အချက်အလက်များအရ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် သတင်းစာဆရာဦးစည်သူအောင်မြင့်ကို ဒီဇင်ဘာလ ၉ ရက်နေ့၌ အင်းစိန်အကျဉ်းထောင်တွင်းရှိ ဗိုလ်တထောင်ခရိုင် အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ခုနစ်နှစ်နှင့် ဒဏ်ငွေ တစ်သောင်းကျပ် ထပ်မံချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဦးစည်သူအောင်မြင့်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က နှစ်မှုအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခြင်းခံထားရပြီးဖြစ်သည်။ 

 

ထို့ပြင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ စလောင်းကျကျေးရွာတွင် နေထိုင်သည့် ကိုမင်းပိုင်နှင့် ကိုအောင်မင်းဦးတို့ နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ထောက်ပံ့ပေးသည်ဟု စွပ်စွဲကာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

 

ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းကျေးရွာ၊ ပေပင်ချောင်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၂၂၄ လုံးကို အကြမ်းဖက်စစ်အုပ်စု၏ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ တပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နှင့် ချပ်သင်းဒေသ၌ တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ်တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပေပင်ချောင်ကျေးရွှာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ သတ်ဖြတ်ခံထားရသူများသည် သိန်းအောင်၊ အဲမောင်၊ နိုင်ဝင်းထွန်း၊ ကံမင်းစိုးနှင့် မြင့်စိုးတို့ဖြစ်ကြောင်း သိရှိရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း