စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၅၂) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၄၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၂၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၁၆) ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး ပဲခူးတိုင်းမှာ (၅) ဦးဖြင့် ဒုတိယ အများဆုံး သေဆုံးခဲ့သည်။

မတ်လ ၂၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကံကလေးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှဒရုန်းဖြင့် ထန်းကုန်းကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ကွမ်းယာဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံငါးဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်၍ ဆေးဝါးကုသနေစဉ် ကိုစန်းလင်းအောင်မှာ ရရှိခဲ့သော ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့ ညနေ ၆နာရီဝန်းကျင်အချိန်တွင် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)