စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၅၃) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၇၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၄၁၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက  အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများအနက် မန္တလေးတိုင်းမှာ (၈) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာ (၅) ဦးဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။ 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာနေ ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာနေ ကိုညီလေး၊ ဆပ်သွားကျေးရွာနေ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတဦးဖြစ်သူ ကိုချမ်းငြိမ်းအောင်နှင့် ဂျိုင်ကောက်ကျေးရွာနေ ကိုမိုးထက်ကျော်တို့သည် စစ်ဘေးရှောင်ရန်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိနေစဉ် အာရက္ခတပ်တော်(AA) နှင့် ပတ်သက်မှုရှိသည်ဟုစွပ်စွဲကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)