စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၀၂) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၂၀) ဦးရှိပြီး ထိုအထဲမှ (၂၁၈၇၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၄၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၇) ဦး၊ အမျိုးသား (၁၆) ဦး စုစုပေါင်း (၃၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၇) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂၆) ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်‌ သေဆုံးသူ (၄) ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသူ (၃) ဦး ပါဝင်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ယင်းမာပင်မြို့မရဲစခန်း၌ ထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အပြင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုသမှုတို့ မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ယင်းမာပင်မြို့မရဲစခန်းအချုပ်အတွင်း၌ သေဆုံးခဲ့သည်။ ကိုအေးလွင်၏ရုပ်အလောင်းကို မိသားစုနေထိုင်ရာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွာထောင်ကျေးရွာသို့ သယ်ယူခွင့်ရရှိခဲ့သည်။ ကိုအေးလွင်သည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ဂ)ဖြင့် တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် ၃နှစ် ချမှတ်ခြင်းခံထားရသူဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် လွတ်မြောက်မည့်သူလည်းဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)