စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၂၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၁၃၄) ဦးရှိပြီး ထိုအထဲမှ (၂၁၄၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၅၈၆၄) ဦးကို ထောင်မှလွှတ်ပေးခဲ့ကြောင်းကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုကို အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီး ယနေ့ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၃၀) ထောင်နှင့် လူငယ်သင်တန်းကျောင်း (၁) ကျောင်းမှ နိုင်ငံရေးအကျဉ်းသား (၃၄၀) ဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၇၃) ဦးကို အမည်နှင့်တကွလည်းကောင်း ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းတပတ်အတွင်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့တွင်လည်းကောင်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်းကောင်း စသည့် တိုင်းနှင့်ပြည်နယ်တချို့၌ တိုက်ပွဲများ ပြင်းထန်နေမှုနှင့် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပြည်သူများမှာ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသက်ရှင်ရပ်တည်ရန် ကြိုးစားရုန်းကန်နေကြရကာ အခြေခံစားနပ်ရိက္ခာများနှင့် ဆေးဝါးများ လိုအပ်လျက်ရှိသည်။ ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီ၏ အချက်အလက်များအရ ဒီဇင်ဘာနောက်ဆုံးပတ်မှ ယခုရက်သတ္တပတ်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၂၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ (၂၅) ဦးရှိခဲ့သည်။ ၎င်းအပြင် ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့၌လည်း လူငယ်များကိုပစ်မှတ်ထားကာ အတင်းအဓမ္မစစ်သားစုဆောင်းလျက်ရှိနေသလို စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသည့်သူများအတွက်ဟုဆိုကာ ကျေးရွာ၊ ရပ်ကွက်များတွင် အတင်းအကျပ်ငွေကြေးကောက်ခံမှုများလည်း ဆိုးဆိုးရွားရွားဖြစ်ပေါ်နေကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

