စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ – နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၄၁) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၅၃) ဦးရှိပြီး ထိုအထဲမှ (၂၁၀၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၉၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့သည့်သီတင်းတပတ်အတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူနေအဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဘုရားကျောင်းများအပါအဝင် လူနေအိမ် ငါးဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ဇီးပေါက်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ ၎င်းအပြင် တိုင်းနှင့်ပြည်နယ်တချို့၌ စစ်အုပ်စုမှ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သားပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် ကျန်းမာရေးချို့တဲ့မှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှုများလည်း ရှိကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လျစ်လျူရှုထားသောကြောင့် အကျဉ်းထောင်တွင်း၌ အရေပြားရောဂါအပါအဝင် အခြားသော ကျန်းမာရေးပြဿနာများဖြစ်ပွားမှု များပြားလာမှုနှင့်အတူ၊ လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ဆက်လက်အသက်ရှင်ရန် အခြေအနေနည်းပါးသည့် ကျန်းမာရေးယိုယွင်းနေသော နိုင်ငံရေးအကျဉ်းသားများကို  ထောင်မှလွတ်ပေးနေခြင်းမှာလည်း ၎င်းတို့၏ ရက်စက်မှုကို ဖုံးကွယ်၍ အများပြည်သူကို ဟန်ဆောင်လိမ်ညာနေခြင်းဖြစ်သည်။ အေအေပီပီ၏ မှတ်တမ်းများအရ အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ အကျဉ်းထောင်တွင်းနှင့် အကျဉ်းထောင်မှလွတ်မြောက်ပြီး ရက်ပိုင်းအကြာ ထောင်တွင်းဒဏ်ချက်များကြောင့် အသက်ဆုံးပါးခဲ့ရသူ စုစုပေါင်း (၁၀၇) ဦးရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)