စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၇၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၆၉) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်တနှစ်ခွဲအရွယ် ယောကျ်ားလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၀) ဦးနှင့် ယောကျ်ားလေး (၁၀) ဦး စုစုပေါင်း (၂၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ (၂၀) ဦးအနက် (၁၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး (၄) ဦးမှာ စစ်အုပ်စု၏လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့၍ ကျန်(၃)ဦးမှာ စစ်အုပ်စုမှ ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရကာ စစ်ကိုင်းတိုင်းမှာ ကလေး (၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်သည်။
အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အင်အား ၂၅ ဦးခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင်တဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးဖိုးကြားကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို ပစ်ခတ်၍ သော်လည်းကောင်း၊ ၎င်း၏ဇနီး ဒေါ်မာသင်းကိုလည်း ဦးခေါင်း ပစ်ခတ်၍ လည်းကောင်း၊ ၎င်းတို့၏ သမီး မခင်မိုးသဲဦး၊ သား မောင်ရွှေဖြိုးအောင်နှင့် ၎င်းတို့၏ တူမများဖြစ်သော မထက်ထက်အောင်နှင့် မမေပျိုပျိုတို့၏ ဦးခေါင်းကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

