စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၆၄၀) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၂၂၀) ဦးရှိပြီး ထိုအထဲမှ (၂၀၁၅၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၁) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၄) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၀၆၄) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သတင်းပတ်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာဒေသများ၊ စျေး၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ရခိုင်ပြည်နယ်၌ စစ်အုပ်စုက ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စစ်တွေမြို့ရှိ မြို့မစျေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျစျေးအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံအဆောက်အဦ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါဆေးရုံ၌ ကုသမှုခံယူနေကြသော စစ်သုံ့ပန်းများ၊ အရပ်သားပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အပြင် ထိုနေ့တွင်ပင် မင်းပြားမြို့နယ်၊ သေကံကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူများ ဒဏ်ရာရရှိခဲ့ကြပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၌ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားသည့်နေရာအပြင် အရပ်သားများ နေထိုင်ရာကျေးရွာများကို မြေပြင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ပျက်စီးပြီး ဒေသခံများ သေဆုံး၊ ထိခိုက်ဒဏ်ရာရကြသည့်အပြင် ဒေသခံ ၇၀၀၀ ဝန်းကျင်မှာ တိမ်းရှောင်ထွက်ပြေးနေရသည်။ ထို့ပြင် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာကို မတ်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်အုပ်စုမှ ရဟတ်ယာဥ်နှင့် သုံးကြိမ်တိုင် ဗုံးကြဲခဲ့သဖြင့် အရပ်သားများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း