စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၀၅၆) ဦးရှိပြီး ထိုအထဲမှ (၂၀၀၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၇၈၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၉၆၉) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံများက နိုင်ငံတဝန်း အရပ်သားပြည်သူများအား ပြည်သူ့စစ်အတွင်း ဝင်ရောက်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးပြီး စစ်သင်တန်းပေးနေသည့်အပြင် အသက် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၀န်းအတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တစ်လကြာ အခြေခံစစ်သင်တန်း ပေးနေကြောင်း သိရပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က လိုအပ်လျှင် စစ်မှုထမ်းရမည်ဟု အဆိုပါစစ်သင်တန်း၌ ပြောဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ ပထမအပတ်မှ စတင်၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို မြေပြင်မှ စစ်ကြောင်းများထိုး၍ ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း