စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၉၆) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၅၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၇၇၉) ဦးရှိပြီး ထိုအထဲမှ (၁၉၉၀၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၄၅၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၉) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၂) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၈၇၅) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများ ပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ နိုင်ငံတဝန်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အချိန်တွင်ပင် အရပ်သားများကို ဦးတည်ပစ်ခတ်မှုများကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့်သတင်းပတ်အတွင်း စစ်ကိုင်းတိုင်း၌ တန့်ဆည်မြို့ရှိ စိန်းနန်းကျေးရွာ၊ တမူးမြို့နယ်ရှိ ခါမ်းပါတ်မြို့နှင့် ထီးချိုင့်မြို့နယ်၌လည်းကောင်း၊ ရှမ်းပြည်နယ်၌ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နှင့် နမ့်ဆန်မြို့နယ် အပါအဝင် နိုင်ငံတဝန်း၌ စစ်အုပ်စုက သာလွန်အင်အားသုံး၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိကြပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ပျက်စီးခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ စစ်အုပ်စုမှ အရပ်သား ဖမ်းဆီးမှု များပြားလာပြီး စစ်တွေမြို့နယ်၌ အရပ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့သည့်အပြင် စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏာကျွန်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ နှစ်သောင်းဝန်းကျင် တိမ်းရှောင်နေကြရသည်။ ၎င်းအပြင် စစ်အုပ်စုက ကုန်းလမ်းနှင့် ရေလမ်းမှ သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ကျန်းမာရေးချို့တဲ့သူများ အသက်ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း