စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၅၈) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၅၆၄) ဦးရှိပြီး ထိုအထဲမှ (၁၉၇၆၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၃၅၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၉၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်အုပ်စုက နည်းမျိုးစုံဖြင့် အရပ်သားပြည်သူများ‌အပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိပြီး ၎င်း၏ လေကြောင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှု၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူများမှာ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိကြပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲသော်လည်းကောင်း၊ တိုက်ပွဲအတွင်းနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ သာလွန်အင်အား အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်း၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းရှိ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ထီးချိုင့်မြို့၊ ခါမ်းပါတ်မြို့၊ တမူးမြို့နှင့် ကျွန်းလှမြို့နယ်၌လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ နမ့်ခမ်းမြို့နယ်နှင့် နမ့်ဆန်မြို့၌လည်းကောင်း၊ ချင်းပြည်နယ်ရှိ ဆမီးမြို့နှင့် ကျင်ဒွေးမြို့၌လည်းကောင်း၊ ပဲခူးတိုင်းရှိ ကျောက်ကြီးမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အပါအဝင် နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အရပ်သားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည့်အပြင် စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် နေအိမ်များ ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းရှိ မုံရွာမြို့နယ်၊ ကချင်ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ မန္တလေးတိုင်းရှိ မတ္တရာမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မောင်တောမြို့နယ် အပါအဝင် တစ်ပြည်လုံးနီးပါး၌ စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံး၍ ထိခိုက်ဒဏ်ရာ ရရှိကြပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းရှိ ပုလဲမြို့နယ်၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်၌ စစ်အုပ်စုက စစ်ကြောင်းထိုး၍ တပ်စွဲနေထိုင်ခြင်းကြောင့် ဒေသခံ တစ်သောင်းခွဲ ထွက်ပြေးတိမ်းရှောင်နေရကြပြီး မကွေးတိုင်းရှိ မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းရှိ ကန့်ဘလူမြို့နယ်၌ မီးရှို့ခံရမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း