စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၂၅၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၅၂၉) ဦးရှိပြီး ထိုအထဲမှ (၁၉၇၄၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၂၉၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၈၉) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်အုပ်စုက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်သော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲသော်လည်းကောင်း အရပ်ဘက်ဆိုင်ရာ ဒေသများကို ခွဲခြားခြင်းမရှိဘဲ ပစ်မှတ်ထား၍ သာလွန်အင်အား အသုံးပြုကာ နည်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည်။ 

ပြီးခဲ့သည့်သတင်းပတ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရှမ်းပြည်နယ်ရှိ နမ့်ခမ်းမြို့နယ်၊ မကွေးတိုင်းရှိ ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်းရှိ တမူးမြို့နှင့် ထီးချိုင့်မြို့၊ ပဲခူးတိုင်းရှိ ကျောက်ကြီးမြို့နယ်၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်နှင့် ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့ အပါအဝင် နိုင်ငံတဝန်း၌ အရှိန်ဟုန်မြင့်မြင့် လုပ်ဆောင်လာသောကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိကြပြီး ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဒေသခံ သောင်းနှင့်ချီ နေရပ်ဒေသများကို စွန့်ခွာ၍ တိမ်းရှောင်ထွက်ပြေးနေကြရသည်။ 

စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ ဝန်းသိုမြို့နယ်နှင့် တမူးမြို့၊ ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပဲခူးတိုင်းရှိ ဝေါမြို့နယ်နှင့် မန္တလေးတိုင်းရှိ မတ္တရာမြို့နယ် အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူများ နေထိုင်ရာ အရပ်ဒေသများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖောက်ထွင်းကာ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ တကျော့ပြန်တိုက်ပွဲများအတွင်း စစ်အုပ်စုက သာလွန်အင်အားသုံး၍ တိုက်ခိုက်မှုအပြင် ကုန်းလမ်းနှင့် ရေလမ်းအား ဖြတ်သန်းသွားလာရေး ပိတ်ပင်ထားသောကြောင့် ဒေသခံပြည်သူများမှာ ဆေးရုံ၊ ဆေးခန်းသွားလာခွင့် မရရှိဘဲ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် နာမကျန်းဖြစ်နေသူများ မသေသင့်ဘဲ သေဆုံးနေရကြောင်း သိရှိရသည်။

၎င်းအပြင် စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးလျက်ရှိသော စစ်အုပ်စုသည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အခြေအနေများကို လူမှုကွန်ရက်ပေါ်၌ မျှဝေသူများကို ဖမ်းဆီးအရေးယူမည်ဟု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်၌ သတင်းအမှားရေးသားခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ပြည်သူနှစ်ဦးကို ဖမ်းဆီး၍ မတရားသော ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲဆိုလျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း