စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍
နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၄၀၀၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၄၆၉) ဦးရှိပြီး ထိုအထဲမှ (၁၉၉၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၁၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၁) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၄၅၁၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာဒေသများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်အုပ်စု၏ ဖရူဆိုမြို့အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့သည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို လက်နက်ကြီးများပစ်ခတ်၍ စစ်ကြောင်းထိုးသောကြောင့် ဒေသခံပြည်သူများမှာ နေရပ်ဒေသများကို စွန့်ခွာ၍ တိမ်းရှောင်ထွက်ပြေးနေရသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အင်အား ၂၀၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ ခမရ ၃၆၁၊ ၇၀၁၊ ၇၀၂၊ ၇၀၈ စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပင်ဒင်းကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ ညောင်ပင်ကြီးစုကျေးရွာနှင့် သိမ်တော်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၆၀၀၀ ကျော်မှာ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့သည်။ ထို့ပြင် ၎င်းကာလအတွင်း ရန်ကုန်တိုင်း၌ စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး (၆၀) ဦးနှင့် အမျိုးသား (၁၈၃) ဦး စုစုပေါင်း (၂၄၃) ဦး ရှိပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၂၆) ဦးနှင့် အမျိုးသား (၁၀၄) ဦး စုစုပေါင်း (၁၃၀) ဦး ရှိသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း