စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၆၅) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၉၄၇) ဦးရှိပြီး ထိုအထဲမှ  (၁၇၇၄၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၇၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၂၀၇) ဦး ရှိသည်။

အကြမ်းဖက်စစ်အုပ်စုသည် ကဆုန်လပြည့်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၂၁၅၃) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး အေအေပီပီအနေဖြင့် ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ (၁၈၅၄) ဦးကို အတည်ပြုနိုင်ခဲ့ပြီး (၂၈၆) ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီး၌ သေဒဏ်ချမှတ်ခံထားရသူ အကျဉ်းသား (၃၈) ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (က) ဖြင့် သေဒဏ်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲချမှတ်ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် မည်သူတို့ကို ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ခဲ့သည်ကိုမူ စာရင်းနှင့်တကွ ထုတ်ဖော်ကြေညာခြင်း မပြုခဲ့သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

ယနေ့ရရှိသော အချက်အလက်များအရ မေလ ၃ ရက်နေ့၊ ည ၇ နာရီခန့်အချိန်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စုအတွင်းရှိ ကားဝပ်ရှော့၌ အလုပ်လုပ်နေသည့် စောလေးလူထူး (ခ) ဖိုးခွားလေး (ခ) ဝဏ္ဏသည် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာနေစဉ် နတ်သံကွင်းတိုက်နယ်ဆေးရုံအနီး အကြမ်းဖက်စစ်အုပ်စု၏တပ်သားများနှင့် ထိပ်တိုက်တွေ့ဆုံမိစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ၎င်း၏ခါးတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေချိန် သေဆုံးခဲ့သည်။

ထို့ပြင် မေလ ၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စု၏တပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ဆယ်လံကျေးရွာသား ကိုဝေဠုကျော်သည် ၎င်း၏ငရုတ်သီးစိုက်ခင်းအနီး၌ စစ်အုပ်စု၏ စစ်ကြောင်းနှင့် တွေ့ဆုံမိစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း