စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၁၃) ဦးရှိပြီး ထိုအထဲမှ (၂၂၀၇၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၃၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်များတွင် မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မေလ ၂၇ ရက်နေ့ကစပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့ပြင် မေလ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုသည် ပြည်သူ ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည့်အပြင် ထိုမြို့နယ်ရှိ ဒိုးနယ်ကျေးရွာ လမ်းထိပ်၌ ဆိုင်ကယ်စီးလာသော ပြည်သူ ၂ ဦးကိုလည်း အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မေလ ၂၉ ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် စစ်အုပ်စုက စစ်ကြောင်းထိုးကာ ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင်လည်း မေလ ၃၀ ရက်နေ့တွင် စစ်အုပ်စုက ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။ ထို့ပြင် မေလ ၃၀ ရက်နေ့က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖနှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

