စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၈၄) ဦးရှိပြီး ထိုအထဲမှ (၂၂၀၈၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းစသည့် တိုင်းနှင့်ပြည်နယ်တချို့၌ အကြမ်းဖက်စစ်အုပ်စုက မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်းများအပြင် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် အရပ်သားများထိခိုက်သေဆုံးခြင်း၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်းများအပြင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မေလ ၁၈ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် ကျေးရွာ (၁၀) ရွာမှဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မေလ ၂၂ ရက်နေ့က မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာတွင် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးကာ ဒဏ်ရာအပြင်းအထန်ရရှိသူ ၁၂ ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မွေးကင်းစလသားအရွယ် ကလေးငယ်တဦးအပါအဝင် ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။ မေလ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် မင်္ဂလာဆောင်ကျင်းပနေသည့်နေရာကို ထိမှန်ခဲ့ရာ ကလေးများအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

