စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၇၂) ဦးရှိပြီး ထိုအထဲမှ (၂၂၁၀၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး (၁၇) ဦးနှင့် အမျိုးသား (၇၂) ဦး စုစုပေါင်း (၈၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းတွင် (၄၂) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၁၈) ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့ပါသည်။
မေလ ၁၂ ရက်နေ့၊ နံနက် ၂နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၅၀)ခြေလျင် တပ်ရင်းမှ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ကျော်ခန့်က ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ ကျောင်းသားသုံးဦး၊ အရပ်သားတဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦး၊ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည်။ ထို့နောက် စစ်ကြောင်းပြန်လည်ထွက်ခွာစဉ် ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုအထဲမှ ဦးမြင့်ဦး၊ ကိုချောမောင်မောင်နှင့်သူ၏ဖခင် ဦးဇော်လင်းနိုင်တို့သုံးဦးကို ချန်လှပ်၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၇ရက်နေ့တွင် ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့သည်။ ဆက်လက်ဖမ်းဆီးခံထားရသူ သုံးဦးထဲမှ မြင့်ဦးကို စစ်အုပ်စု၏လက်အောက်ခံ အမြောက်တပ်အတွင်း၌ သတ်ဖြတ်ခဲ့ပြီး ကိုချောမောင်မောင်ကို အမှတ်(၅၀) ခြေလျင်တပ်ရင်းအတွင်း၌ သတ်ဖြတ်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

