စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၆၉၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၁၅၆) ဦးရှိပြီး ထိုအထဲမှ (၂၂၁၀၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၂၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီ၏ မေလ ၁၉ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များအရ ပြီးခဲ့သည့်သီတင်းပတ် မေ ၁၂ ရက်မှ ၁၈ ရက်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၆၈) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ (၂၅) ဦးရှိခဲ့သည်။
မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူနှစ်ဒါဇင်ခန့်သေဆုံးခဲ့သလို ဆယ်နှင့်ချီဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ကိုလည်း စစ်အုပ်စုက မေလ ၁၃ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့သည်။ မေလ ၁၅ ရက်နေ့ တရက်တည်းမှာပင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ရသည်။ မေလ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

