အေအေပီပီမှ စက်တင်ဘာလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်
စက်တင်ဘာလအတွင်းတွင် စုစုပေါင်း ၁၆ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၆ ဦးအနက်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉ ဖြင့် အရပ်သားနှင့် အလုပ်သမား ကိုးဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၁(ဂ)ဖြင့် အရပ်သား တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဆရာတော် တစ်ပါး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ကာတွန်းဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ငါးဦးတို့သည် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
စက်တင်ဘာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁ရ ဦးရှိသည့်အနက်မှ တက်ကြွလှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း ခြောက်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ အရပ်သား တစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၁(ဂ)၊ လယ်သမား ခုနှစ်ဦးသည် လယ်ယာမြေအက်ဥပဒေ ပုဒ်မ ၂၆၊ ၂ရ တို့ဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရ သည်သာမက ရခိုင်တိုင်းရင်းသား သုံးဦးသည်လည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
စက်တင်ဘာလအတွင်း စုစုပေါင်း ၁၆ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၁၆ ဦးအနက်မှ တက်ကြွလှုပ်ရှားသူ လေးဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ လယ်သမား ရှစ်ဦးသည် လယ်ယာမြေအက်ဥပဒေ ပုဒ်မ ၂၆၊ ၂၇၊ တက်ကြွ လှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပြီး သက်ဆိုင်ရာ တရားရုံး အသီးသီးမှ အရပ်သား သုံးဦးအပေါ်စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။
စက်တင်ဘာလအတွင်း တက်ကြွလှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း ၁ဝ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသား လေးဦးဖြစ်သော ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး၊ တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင်၊ မနေဇာထွန်းနှင့် ရှေ့နေ ဦးဇော်ဝင်းတို့သည် ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်လာလျက်ရှိသည်ကို နိုင်ငံတွင်းဖြစ်ပွားလျက်ရှိသော အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ချိုးဖောက်မှုများစသည့် ဖြစ်စဉ်များမှ ညွှန်းဆို ပြသလျက်ရှိသည်ကို တွေ့ရှိရသည်။ လွတ်လပ်ခွင့် လူ့အခွင့်အရေးကို လေးစားလိုက်လိုက်နာမှုနှင့် အချိန်ကာလအလိုက် စစ်မှန်သော ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ရာ၌ မဲပေးပိုင်ခွင့်ရှိခြင်းတို့သည် ဒီမိုကရေစီ၏ မရှိမဖြစ်အရေးပါလှသော တန်ဖိုးများဖြစ်သည်။ ထိုတန်ဖိုးများကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (ICCPR) တို့တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ICCPR ကို အတည်ပြု လက်မှတ်ရေးထိုးခြင်း မရှိခြင်း၊ UDHR ကို လေးစားလိုက်နာရန် ပျက်ကွက် နေဆဲဖြစ်ခြင်းတို့ကြောင့် ဒီမိုကရေစီ စံနှုန်းများကို များစွာ လျော့ကျစေသည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အစိုးရအား ဒီမိုကရေစီ တန်ဖိုးများနှင့် ဒီမိုကရေစီ၌ အခြေခံကျသော ငြိမ်းချမ်းရေး၊ နောက်ဆက်တွဲ ဖွံ့ဖြိုးမှုများနှင့် လူ့အခွင့်အရေးစသည်တို့အား ဖော်ဆောင်ပေးခြင်းအားဖြင့် ဒီမိုကရေစီ၏ စံနှုန်းများကို မြှင့်တင်ပေးပါရန် တိုက်တွန်း အပ်ပါသည်။
လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်
စက်တင်ဘာလအတွင်းတွင် မြန်မာနိုင်ငံအတွင်း၌ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့သည် ပို၍ တင်းကျပ်လာလျက်ရှိသည်ကို တွေ့ရှိရပြီး တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ၊ အလုပ်သမားများသည် ထိုအခွင့်အရေးများကို ကျင့်သုံးခဲ့ခြင်းအတွက် ဖိနှိပ်ထားမှုများကို ရင်ဆိုင်နေကြရသည်။ စက်တင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူများ၊ အရပ်သားများ၊ အလုပ်သမား များ အပါအဝင် စုစုပေါင်း (၂၂) ဦးသည် ကန့်သတ်၊ ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ အောက်တွင်ဖော်ပြထားသော ဖြစ်စဉ်များမှလည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။
• စက်တင်ဘာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ကျင့်သုံးခဲ့ခြင်း အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉၊ ၂ဝ ဖြင့် တက်ကြွလှုပ်ရှားသူ သုံးဦး ဖြစ်သော ဒေါ်နော်အုန်းလှ၊ စောအဲလ်ဘက်ချို၊ စသိန်းဇော်မင်းနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကိုသန်းလှ (ခ)ကိုမင်းဘာချေတို့သည် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသော ကိုပေါလုနှင့် မဆိုင်းနူးပန်၊ ကိုအင်ခွမ်လနူးနှင့် ဒေါ်မလန်ခါးမိုင်တို့သည် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း၊ ဧရာဝတီတိုင်း၊ ပုသိမ် စက်မှုဇုံရှိ Myanmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ခုနှစ်ဦးနှင့် အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ဝင်တစ်ဦးတို့သည် အမှုဖွင့်ခြင်းကို ခံခဲ့ရခြင်းတို့အပြင် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသသာဘိဝံသသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်သည့် မန္တလေးမြို့၊ မလိခဝါဆိုကျောင်းတိုက်မှ ဆရာတော် ဦးစိန္တိတ၊ ကာတွန်းဆရာ အတီးနှင့် တံတားဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးဗဟိန်းတင် တို့သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်း၊ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ)တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရခြင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို ငြိမ်း၊စု၊စီဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)(ခ) တို့ဖြင့် ခြိမ်းခြောက်၊ကန့်သတ်ထားခြင်းသည် ထိုဥပဒေများ၌ ချို့ယွင်း အားနည်းမှုများရှိနေသည်ကို ပေါ်လွင်စေ သည်။ ထိုဥပဒေများသည် နိုင်ငံသား တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ကာကွယ်မှုပေး ရမည့်အစား ခြိမ်းခြောက်လျက်ရှိနေသည်။ သို့ဖြစ်၍ ထိုဥပဒေများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သင့် သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ သုံးသပ် အကြံပြုအပ်ပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အခြေခံကျသော အခွင့်အရေးတစ်ခုဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ပေးခြင်း အားဖြင့် လူ့အခွင့်အရေးကို ဖော်ဆောင် မှုပြုပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ
စက်တင်ဘာလ ၂၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားဆဲဖြစ် သော ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားများသည် ငြိမ်းချမ်းခြင်း မရှိ သော အခြေအနေများကို ဆက်လက် ရင်ဆိုင်နေကြရသည်။ စက်တင်ဘာလအတွင်းတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိပြီး အကျိုးဆက် အနေဖြင့် တိုင်းရင်းသားများသည် ဖမ်းဆီး၊တရားစွဲဆိုမှုများကို ဆက်လက်ရင်ဆိုင်နေကြ ရသည်သာမက အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကိုလည်း ရင်ဆိုင်နေကြရသည်။ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြ ထားသည်။
• စက်တင်ဘာလအတွင်း တပ်မတော်မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာမှ ကျောင်းထိုင် ဆရာတော်၊ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကားသမား ဦးမြင့်မောင်တို့ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာ မှ ဦးမောင်စံသိန်းကို ဖမ်းဆီးခဲ့ပြီး အငူမော် ရဲစခန်းမှူးမှ တရားလိုပြုလုပ်ပြီး ဦးမောင်စံသိန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၁(ဂ)၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တံခွန်တိုင် ကျေးရွာမှ ဦးစိန်အေးသာ၊ ဦးမောင်လှအောင်နှင့် ဦးညီညီအောင် တို့ကို အဓမ္မအလုပ်စေခိုင်းခဲ့ပြီး တပ်မတော် ခလရ (၄၂၁)မှ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ်၊ တောင်ယာစိုက်ခင်း၌ အလုပ်လုပ်နေကြသည့် ဆိုင်လိန် ရွာသား ၁၃ ဦးကို လမ်းပြ အဖြစ် ခေါ်ဆောင်သွားခဲ့သည်။ တပ်မတော် ခြေလျင် တပ်ရင်း ခလရ ၂၇၈ မှ တပ်သားများသည် ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပူးလုံအုပ်စု၊ လွန်းကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းစန္တနှင့် ဒေသခံ စိုင်းအောင်ဇေယျတို့ကို ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် ကြိုးဖြင့် ချည်ကာ ၎င်းတို့၏ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင်း နှစ်ပေါင်း ၇ဝ ကျော်ကြာ ဆက်လက်ဖြစ်ပွားဆဲဖြစ်သော ပဋိပက္ခများတွင် သံသယဖြင့် ဖမ်းဆီး ချုပ်နှောင်၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ လူသား ဒိုင်းကာအဖြစ် ပြုလုပ်စေခြင်း စသည်တို့သည် ပြင်းထန် သော လူ့အခွင့်အရေးချိုးဖော်မှုများဖြစ်သော်လည်း ထိုအခြင်းအရာကို အလေ့အထတစ်ခု သဖွယ် ဆက်လက် ဆုပ်ကိုင်၍ ကျင့်သုံးနေဆဲ ဖြစ်သည်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတို့ ရရှိခြင်းမရှိသရွေ့ ဌာနေတိုင်းရင်းသားများသည် ထိုဆိုးရွားသော ချိုးဖောက်မှုများကို ဆက်လက်ခံစား နေကြရဦးမည် ဖြစ်သည်။ စက်တင်ဘာလ ၁ရ ရက်နေ့တွင်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ ၌ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေး‌နွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၌ လက်ရှိ တိုက်ပွဲများ လျှော့ချရေး အပါအဝင် အချက် ခုနှစ်ချက် သဘောတူခဲ့ကြ သည်။ ထိုကဲ့သို့အပြုသဘောဆောင်သော တိုးတက်မှုအတွက် ကြိုဆိုပြီး တစ်ဘက်တွင်လည်း အစိုးရမှ ညှဉ်းပန်းနှိပ်စက်မှူများကို ဆန်ကျင်ရေးနိုင်ငံတကာ သဘောတူစာချုပ်(UNCAT)ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ ထို့ပြင် အမှီအခိုကင်း၍ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးအဖွဲ့များဖွဲ့၍ ချိုးဖောက် မှုများတွင် တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူပေးပါရန် တိုက်တွန်းအပ်ပါသည်။
အကျဉ်းထောင်တွင်း အခြေအနေများ
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့သော ကချင် တက်ကြွလှုပ်ရှားသူ မဆိုင်းနူးပန်သည် မြစ်ကြီးနားထောင်တွင်း အခြေအနေများကို ကို ပြောကြားခဲ့သည်။ မြစ်ကြီးနား ထောင်အတွင်း၌ အကျဉ်းသား ၉ဝ ရာခိုင်နှုန်းကျော်သည် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်ကာ အကျဉ်းကျနေသူများ ဖြစ်ခြင်း၊ အကျဉ်းသားများသည် ထောင်တွင်း အိပ်ရာတစ်နေရာ ရရှိရန်အတွက် ငွေကြေးပေးရခြင်း၊ ရေချိုးသည့် အခါတွင် ရေ ၁၅ ခွက် ထက်ပို၍ ချိုးခွင့် မရှိခြင်း၊ ထောင်ဝန်ထမ်းများမှ အကျဉ်းသားများအား ၎င်းတို့ကြိုက်သည့် ပစ္စည်းဖြင့် ကြိုက်သလို ကိုင်ပေါက်ခွင့်၊ ဆဲဆိုပိုင်ခွင့်၊ ညှဉ်းပန်းနှိပ်စက်ပိုင်ခွင့်ရှိခြင်း၊ အကျဉ်းသူများသည် စာကြည့်တိုက်သို့ သွားခွင့်မရှိခြင်းစသည့် ဆိုးရွားသော အကျဉ်းထောင် တွင်းအခြေအနေများကို ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ (၁၀) ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသော ကရင်နီ လူငယ် ခြောက်ဦးသည် ထောင်တွင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် တိုက်ပိတ်ခြင်းခံထားရပြီး ထောင်ဝင်စာတွေ့ခွင့်လည်း မရရှိတော့ကြောင်း သိရှိရသည်။ ၎င်းပြင် ကလေးသူငယ် ဆိုင်ရာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းချက်အရ အသက် ၁၈ နှစ်မပြည့်သေးသည့် အမှုရင်ဆိုင် နေရသူများအားလုံးကို လူငယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထားရှိရမည်ဆို သည့်အချက်ကြောင့် လူနှစ်ရာသာ သတ်မှတ် ထားသည့် မန္တလေးလူငယ်သင်တန်းကျောင်း တွင် လူဦးရေ ၄၈ဝ အထိ လက်ခံထားရပြီး နေရာအခက်အခဲ ဖြစ်ပေါ် လျက်ရှိကြောင်း အဆိုပါကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။
ကာလကြာရှည်စွာ ဖြစ်ပွားလျက်ရှိသော ဆိုးရွားသော အကျဉ်းထောင်တွင်းအခြေအနေများမှ အကျဉ်းထောင်စနစ်ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲသင့်သည်ကို ထင်ဟပ်စေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှု မရှိသေးသည်ကို တွေ့ရှိရသည်။ ဆိုးရွားသော အကျဉ်းထောင်တွင်း အခြေအနေများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ပြယုဂ်တစ်ခုဖြစ်သည်။ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ် ရာတွင် အောက်ခြေအဆင့်ဆင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကာ်မတီများ၊ အကျဉ်းသားစိစစ်ရေး ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်း၊ အကျဉ်းသားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။
ထို့ပြင်ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှုဆက်ဆံရာ၌ လိုက်နာရမည့် အခြေခံဉပ‌ဒေသများ နှင့် ကမာ္ဘ့ကုကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမူဆက်ဆံရာ၌ လိုက်နာရမည့် အနိမ့်ဆုံးစည်းမျဉ်းများ နှင့်အတူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို လေးစား လိုက်နာ၍ ကျင့်သုံးပါရန်နှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ဝန်ထမ်းများကိုလည်း သင်တန်းများ ပို့ချပေးပါရန် တိုက်တွန်း၊အကြံပြုအပ်ပါသည်။
တရားစီရင်ရေးစနစ်
ကာလကြာရှည်စွာ တရားရင်ဆိုင်နေရခြင်းသည် တရားစီရင်ရေးစနစ်ကို လျော့ကျ အားနည်းစေသည်။ စက်တင်ဘာလ အတွင်းတွင် ကြာရှည်စွာ တရားရင်ဆိုင်နေရသည့် အမှု နှစ်မှုကို တွေ့ရှိခဲ့သည်။ Weekly Eleven ဂျာနယ်သည် တရားရင်ဆိုင်နေရသည်မှာ ငါးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အမှု ပြီးပြတ်မှု မရှိသေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုမှ လယ်သမား ရှစ်ဦးသည် နှစ်နှစ်ခန့် တရား ရင်ဆိုင် ခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းတို့သည် တရားစီရင်ရေးစနစ်ကိုသာမက အမှုရင်ဆိုင် နေကြရသူများကိုပါ စိန်ခေါ်မှု ဖြစ်စေသည်။ မြန်မာနိုင်ငံဆိုင်ရာ တရားစီရင်ရေးစနစ်သည် အင်္ဂလိပ် ရိုးရာ ဉပ‌ဒေစနစ် (Common Law Legal System) ကို အခြေခံထားသောစနစ် ဖြစ်သည့်အလျောက် တရားစီရင်ရေးစနစ်တွင် ပြင်ဆင်သင့် သည်များကို ပြင်ဆင်ရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့ဖူးသည့် တရားရေးဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်း၍ ဆောင်ရွက်ပါက တရားစီရင်ရေးစနစ်တွင် ထိရောက်မှု များစွာရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံသည် ငါးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အလျောက် တရားစီရင်ရေးတွင် ချို့ယွင်းမှုများကို အမြန်ဆုံး သုံးသပ် ၍ ပြင်ဆင်ဆောင်ရွက်သင့်သည်များကို နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။
လယ်ယာမြေရေးရာကိစ္စရပ်များ
မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားဆဲဖြစ်သော လယ်ယာမြေအရေးကြောင့် လယ်သမားများသည် ထိခိုက်နစ်နာမှု များစွာကို ရင်ဆိုင်နေကြရသည်။ အစိုးရမှ သိမ်းဆည်းလယ်ယာမြေအရေးနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက် ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့်နှိုင်းယှဉ်လျှင် လွန်စွာ နည်းပါးလျှက်ရှိသည်။ စက်တင်ဘာလအတွင်း တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မန်းရေနံမြေဧရိယာအတွင်းရှိ လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးအပ်ခဲ့မှုအပေါ် ကျေနပ်ခြင်းမရှိသဖြင့် ဒေသခံတောင်သူ ခြောက်ဆယ်ခန့်မှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကရင် ပြည်နယ်ရှိ ဘားအံအကျဉ်းဦးစီးဌာနမှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများနှင့်ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များသည် သိမ်းဆည်း မြေမူဝါဒနှင့် ဆန့်ကျင်ကွဲလွဲနေသည့်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့၌ လယ်ယာမြေသိမ်းဆည်းခြင်း ခံထားရသည့် လယ်သမားများသည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် သိမ်းဆည်းခြင်းခံခဲ့ရသည့် တောင်ယာမြေများကို ပြန်လည်ရရှိရေး တို့အတွက် ဒေသခံတောင်သူများမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သိမ်းဆည်း လယ်ယာမြေအရေးကို ကိုင်တွယ်ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများကြုံတွေ့ရခြင်းသည် လယ်သမား များကို ထိခိုက်နစ်နာစေသည်သာမက လယ်ယာမြေကဏ္ဍကိုလည်း ထိခိုက်နစ်နာမှုများစွာကို ဖြစ်စေသည်။ ထို့ကြောင့် အစိုးရမှ ၎င်းလက်မှတ်ရေးထိုး အတည်ပြုထားသည့် စီးပွားရေး၊ လူမူရေး၊ ယဉ်ကျေးမူ အခြေခံအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) ကို လေးစားလိုက်နာ၍ လယ်ယာမြေအရေးတွင် နှောင့်နှေးမှုများကို အဖြေရှာ၍ ဖြေရှင်း ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(ဝ) ၉၄၂ ၅၀၃ ၈၈၄၀
အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(ဝ) ၉၄၂ ၈၁၁ ၇၃၄၈

 




















လယျယာမွရေေးရာကိစ်စရပျမြား


 








