အေအေပီပီမှ မေလအတွက် သတင်းလွှာတင်ဆက်

lasho MHPA training

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင် ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို မေလ ရ ရက်နေ့မှ မေလ ၁ရ နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၌ လည်းကောင်း၊ မေလ ၁၄ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ်၌လည်းကောင်း သင်တန်းပို့ချပေးခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင်ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့် အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုတင်မျိုးထွဋ်မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို ရှမ်း၊ ကချင်နှင့် တအာင်း လူငယ်များ၊ လီဆူး၊ ကွတ်ခိုင်နှင့် ပန်ကူ အမျိုးသမီးကွန်ရက်တို့မှ အမျိုးသမီးများ၊ တအောင်းပါတီမှ အဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့ အစည်းမှ အဖွဲ့ဝင်များ၊ ကျောင်းသူများနှင့် အရပ်သားများအပါအဝင် သင်တန်းသူ ၁၄ ဦး၊ သင်တန်းသား ၁၂ ဦး၊ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် ရှမ်း၊ ကချင်၊ တအာင်း၊ လီဆူးနှင့် ဗမာတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်း ပို့ချပေးခဲ့သော ကွတ်ခိုင်မြို့နယ်တွင် လယ်ယာမြေသိမ်းဆည်းခြင်း၊ မတရားဖမ်းဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်များကို ရင်ဆိုင် နေကြရသည်။

လားရှိုးမြို့နယ်တွင်ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်း နည်းပြအဖြစ် ဦးစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့် အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု သင်တန်းနည်းပြအဖြစ် ဦးစိုင်းမြင့်သူမှ သင်တန်းပို့ချ ပေးခဲ့သည်။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လားဟူ အမျိုး သား ၂၉ ဦးနှင့် အမျိုးသမီး ၁ဝ ဦးတို့ သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပို့ချပေးခဲ့သော လားရှိုးမြို့နယ်တွင်    လယ်ယာမြေသိမ်းဆည်းခြင်းများ၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းတို့ကို ရင်ဆိုင်နေကြရ သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော်တည် ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Czech visit to AAPP

                                                          မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံသံအမတ်ကြီးမှ အေအေပီပီပြခန်းသို့ လာရောက် လေ့လာကြည့်ရှု

မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံသံအမတ်ကြီး အေအေပီပီပြခန်းသို့ လာ ရောက် လေ့လာကြည့်ရှု

မေလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံသံအမတ်ကြီး H.E. Jaroslav DOLEČEK သည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ Memory of the Past ပြခန်း အား လာရောက်လေ့လာ ကြည့်ရှုခဲ့သည်။ အေအေပီပီမှ တာဝန်ရှိသူများမှ သံအမတ်ကြီးအား ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့မှ ပြခန်းအား လိုက်လံရှင်းပြခဲ့သည်။ ထို့နောက် သံအမတ်ကြီးအား အေအေပီပီ၏ အမှတ်တရ လက်ဆောင်ကို ပေးအပ်ခဲ့သည်။

Project 2049 မှ အေအေပီပီ ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု့

project 2049

                                              အေအေပီပီနှင့် Project 2049 တို့ တွေ့ဆုံဆွေးနွေး

မေလ ၂၄ ရက်နေ့တွင် Project 2049 မှ Rachael Burton နှင့် Cherry Zahau တို့သည်  နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)ရုံးသို့ လာရောက်လည်ပတ်၍ အေအေပီပီ၏ “Memory of the Past” ပြခန်းအား လေ့လာ ကြည့်ရှုခဲ့သည်။ ထို့နောက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်၊ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်၊ အေအေပီပီ ရန်ကုန်ရုံးတာဝန်ခံ ကိုအောင်မျိုးကျော်၊ အေအေပီပီ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး လူ့ခွင့်အရေးနှင့်ပတ်သတ်၍ အေအေပီပီ၏ဆောင်ရွက်ချက်များ၊ ဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်ချက်များစသည်တို့အား ဆွေးနွေးခဲ့သည်။

အေအေပီပီ၏ ပြခန်းအား Women’s Initiative Platform (WIP)အဖွဲ့မှ လာရောက် လေ့လာ

women intitative platform

                                                                          WIP အဖွဲ့ဝင်များ အေအေပီပီပြခန်းတွင်း လေ့လာ

မေလ ၁၆ ရက်နေ့တွင် Women’s Initiative Platform (WIP) အဖွဲ့အစည်းမှ မလွေးနွေနှောင်း ဦးဆောင်သည့် ကျောင်းသူ (၁၇) ဦး သည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ Memory of the Past ပြခန်းသို့ လာရောက် လေ့လာ ကြည့်ရှုခဲ့သည်။ အေအေပီပီ ရန်ကုန်ရုံးတာဝန် ဦးအာင်မျိုးကျော်နှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ ပြခန်းတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်မှ မြန်မာ့နိုင်ငံရေး သမိုင်း ကြောင်းများ၊ နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းမှု အခြေအနေ၊ အေအေပီပီ ဖြစ်ပေါ်လာပုံနှင့် အေအေပီပီ၏ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်းနှင့် အေအေပီပီ၏ စိတ်ဓာတ် ပိုင်းဆိုင်ရာမြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ကိုကျော်စိုးဝင်းမှ လည်း MHAP နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ သည်။ ကျောင်းသူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ  ဦးတိတ်နိုင်၊ ဦးအာင်မျိုးကျော်၊ ဦးကျော်စိုးဝင်းနှင့် ဦးဇော်မိုးတို့မှ ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ကြသည်။

DRL မှ အေအေပီပီပြခန်းသို့ လာရောက်လေ့လာ

DRL

                                                                                               အေအေပီပီနှင့် DRL တို့ တွေ့ဆုံဆွေးနွေး

မေလ ၂၉ ရက်နေ့ တွင် BUREAU OF DEMOCRACY, HUMAN RIGHTS, AND LABOR (DRL) မှ HENRIETTA S.LEVIN (FOREIGN AFFAIRS OFFICER) ဦးဆောင်သောအဖွဲ့သည် အေအေပီပီ၏ ပြခန်းသို့လာရောက်လေ့လာကြည့်ရှုခဲ့သည်။ ပြခန်းတာဝန်ရှိသူများဖြစ် သည့် ဦးဇော်မိုး၊ ဦးကျော်စိုးဝင်းတို့မှ ပြခန်းအတွင်း လှည့်လည်ပြသခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဖြတ်သန်းခဲ့ရသည့် အခြေအနေများ အား ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် အေအေပီပီအတွင်းရေးမှူး ဥိးတိတ်နိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့နှင့်အတူ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

AAPP ၏ Memory of The Past ပြခန်းအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာ

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ Memory of the Past ပြခန်းသို့ မေလ ၄ ရက်နေ့တွင် အိုးဝေစာကြည့်တိုက်နှင့် ပညာဒါနသင်တန်းကျောင်း (သန်လျင်)မှ ကိုမင်းသွေးသစ်နှင့် မရတနာစုပိုခိုင်တို့ ဦးဆောင်သည့် အဖွဲ့သည် လည်းကောင်း၊ မေလ ၁၁ ရက်နေ့တွင် ကိုပင်ဟေဂင် တက္ကသိုလ်မှ ကျောင်းသူတစ်ဦးသည်လည်းကောင်း လာရောက် လေ့လာခဲ့သည်။ အေအေပီပီ ပြခန်းတာဝန်ခံများမှ ပြခန်းအတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက် ရှိသည်။

မေလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦး သည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် အမျိုးသမီး ၁၁ ဦးအား  ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိသည်။  ထို့ပြင် မေလအတွင်းတွင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်သည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ မေလ အတွင်းတွင် လူငယ် ၁၁ ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် လူငယ် ၁၂ ဦးကို နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိသည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ လိင်အလုပ်သမားများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ မေလအတွင်းတွင် အမျိုးသမီး တစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား သုံးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

မေလအတွင်းတွင် AAPP-MHAP အဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ထိုင်းနိုင်ငံ၊ မဲစောက်မြို့မှ ကလိုင်းယန့် ၁၀၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့ပြီး ကလိုင်းယန့် ၄၁ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီး မြောက်ခဲ့သည်။

မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ပြုလုပ်သော Mental Health and Psycho Social Support working group (MHPSS –WG) အလုပ်ရုံဆွေးနွေးပွဲသို့ အေအေပီပီ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်း တက်ရောက်ခဲ့သည်။

မေလ ၂၁ ရက်နေ့နှင့် မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Community Partners International (CPI) ရုံးတွင် ပြုလုပ်သည့် Asia Pacific Research for Mental Health Services (ASPiRE-MHS) အလုပ်ရုံဆွေးနွေးပွဲသို့  အေအေပီပီ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် CETA သင်တန်းနည်းပြ နှစ်ဦး တို့တက်ရောက်ခဲ့သည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆() ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာအားဒေါင်းလော့ရယူရန် May Burmese Newsletter