၂၀၁၈ ခုနှစ် မတ်လအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

burmese cover

တစ်လအတွင်းသုံးသပ်ချက်

မတ်လအတွင်းတွင် အရပ်သား စုစုပေါင်း ၆၈ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၆၈ ဦးအနက်မှ တောင်သူ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၃၃ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၆ ဦးကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)၊ ၂၃ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊  ၂ရ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့တို့မှ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ မတ်လအတွင်းတွင် မတရားအသင်း အက်ဥပဒေ ၁၇(၁) ဖြင့် တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၃၃ ဖြင့် တောင်သူ သုံးဦး၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ရ ဖြင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အပါအဝင် စုစုပေါင်း ငါးဦး အမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ မတ်လအတွင်းတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် အမျိုးသား နှစ်ဦးတို့ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် မတ်လ အတွင်းတွင် အရပ်သား စုစုပေါင်း ၃၄ ဦးလွတ်မြောက်လာခဲ့သည်။ ၎င်းတို့မှာ KIA မှ ဖမ်းဆီးခဲ့သော အရပ်သား ၂၃ ဦးအနက်မှ နှစ်ဦး၊   ကရင်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားခဲ့သော အရပ်သား ၂ရ ဦး၊ စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနှင့်ဆက်နွှယ်ကာ သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူ ကိုးဦးအနက်မှ ငါးဦးတို့ဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသား ခုနှစ်ဦးဖြစ်ကြသော ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ်၊ ကိုအောင်ကိုထွေး၊ ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့မှာ ကျန်းမာရေး ကောင်းမွန်မှု မရှိကြောင်း သိရှိရသည်။

မတ်လအတွင်းတွင် အမျိုးသားလွှတ်တော်မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ငြိမ်း၊စု၊စီ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွား မည်ဖြစ် သည်။ တည်ဆဲ ငြိမ်း၊စု၊စီ ဥပဒေကို အသုံးပြု၍ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များကို ဝင်ရောက်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့ကို ဖိနှိပ်ထားပြီးဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေကြမ်းသည် လွတ်လပ်မှုများကို ထပ်မံ၍ ကန့်သတ်ခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထိုဥပဒေကြမ်းကို ကန့်ကွက်ပါသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များကို ဝင်ရောက်ခွင့်တို့သည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများတွင် အဓိကကျသော လူ့အခွင့်အရေးဖြစ်သည်ဟု ကမာ္ဘ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာ၌ ဖော်ပြထား ပြီး အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂ဝ နှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) အပိုဒ် ၈ တို့တွင်လည်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၂၁ တွင် လွတ်လပ်စွာ စုဝေးခွင့်ကို ခွင့်ပြုထားသည်။

အခြေခံကျသော လွပ်လပ်ခွင့်များကို ကျင့်သုံးခြင်းအား ထိန်းချုပ်ခြင်း မပြုလုပ်သင့်သော်လည်း ငြိမ်း၊စု၊စီဥပဒေကြမ်း ပြင်ဆင် ဖြည့်စွက်ချက်တွင် ဆန္ဒဖော်ထုတ်ရာ၌ ခန့်မှန်း ကုန်ကျစရိတ်နှင့် ကုန်ကျခံရမည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့ရှိပါက အမည်နှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံတို့ကို ဖော်ပြရမည်ဟု ထည့်သွင်းထားသည်။ နိုင်ငံတကာ စံနှုန်းမျာနှင့်အညီ ငြိမ်းချမ်းစွာ စုဝေးလျှင်တောင် တိကျရှင်းလင်းမှုမရှိသည့် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၈ သည် အာဏာပိုင်များအား ဆန္ဒထုတ်ဖော်ရန် လျှောက်ထား မှုများကို ငြင်းဆိုရန် လုပ်ပိုင်ခွင့်ပေးထားသည်။ ထိုပြင်ဆင်ချက်များသည် နိူင်ငံတကာ စံချိန်၊စံနှုန်းမျာနှင့် ကွဲလွဲဆန့်ကျင်လျှက် ရှိသည့်အတွက် ထိုအခြင်းအရာကို AAPP မှ ရှုတ်ချပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အတွက် တောင်းဆို ပါသည်။

မတ်လအတွင်း The Asian Forum for Human Rights and Development (FORUM-ASIA) မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ငြိမ်း၊စု၊စီ ဥပဒေကြမ်းအပေါ် စိုးရိမ်မှုများရှိသည်ကို ဖော်ပြထားသည်။ ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများ  (CSOs) မှလည်း ပြင်ဆင်၊ဖြည့်စွက်ချက်များကို ဆန့်ကျင်ကာ ဆန္ဒထုတ်ဖော်လျှက်ရှိသည်။ ဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် တိုက်ရိုက် ဆန့်ကျင်လျှက်ရှိသည့်အပြင် ဒီမိုကရေစီနှင့်လည်း ကွဲလွဲလျှက်ရှိသောကြောင့် ပြည်သူ့လွှတ်တော်အား ထိုပြင်ဆင်၊ဖြည့်စွက်ချက်များကို လက်ခံခြင်းမပြုပါရန် တောင်းဆိုပါသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အဖွဲ့အစည်းဖွဲ့ခွင့်တို့သည် များစွာသော အခြားအခွင့်အရေးများနှင့် ဆက်စပ်လျှက်ရှိပြီး  နိုင်ငံတော်မှ လူ့အခွင့်အရေးကို မည်မျှ လေးစားလိုက်နာသည်ကို ထိုအခွင့်အရေးများမှ  ညွှန်းဆို ပြသလျှက်ရှိသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် သည် အစိုးရ၏ ကတိကဝတ် ဖြစ်သော ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးကို ထင်ဟပ်စေမည်ဟု ယုံကြည်ပါသည်။

ကမာ္ဘ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (INGO) ၏ လုပ်ငန်းဆောင်တာများကို ကန့်သတ်မည့် ဥပဒေကို ပြဋ္ဌာန်းရန် အစိုးရမှ စဉ်းစားလျှက်ရှိသည်။ ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးများကို နောက်ထပ် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များဖြင့် ကန့်သတ်မည်ဖြစ်သည်။ ထိုဥပဒေကြမ်းတွင် တိကျရှင်း လင်းမှုမရှိသော အဓိပ္ပါယ် ဖွင့်ဆိုချက်ရှိပြီး INGOs များ၏ အလုပ်များကို ရပ်တန့်သွားစေရန်အတွက် ထိုဥပဒေကြမ်းမှ အာဏာပိုင်များအား လိုသလို အသုံးပြု ခွင့် ပေးထားသည်။

၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းပြီးနောက် စစ်အစိုးရဟောင်းမှ နိုင်ငံတကာ အကူအညီများကို ကန့်သတ်ထားခဲ့သည်။ ထို့ကြောင့် ထိခိုက်နစ်နာခဲ့ရသော ပြည်သူများသည် ၎င်းတို့လိုအပ်သော အကူအညီများကို ရရှိခြင်းမရှိခဲ့ပါ။ ယခု ဥပဒေကြမ်းတွင်လည်း အလားတူသော ကန့်သတ်မှုများရှိသောကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတချို့တွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ၏ လုပ်ငန်း ဆောင်တာများအပေါ် ကန့်သတ်သည့်  ဥပဒေများကို အတည်ပြုခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ထိုဥပဒေကြမ်းကို ပြဋ္ဌာန်းရန် စဉ်းစားလျှက်ရှိခြင်းသည် သံသယများကို တိုးပွား စေပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် ထိုဥပဒေများကို ပြဋ္ဌာန်းခြင်းအကျိုးဆက်အနေဖြင့် INGOs များ၏ လွတ်လပ်စွာ ထုတ်ဖော် ခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်တို့ကို ထိခိုက်စေပြီး မြန်မာနိုင်ငံသည်လည်း ထိုအကျိုးဆက်ကို သတိပြုရမည်ဖြစ်သည်။   အထူး သဖြင့် ဥပဒေကြမ်းသည် INGOs များ၏ အလုပ်များကို ရုတ်သိမ်းရန် ရှင်းလင်းစွာ ရေးဆွဲထားခြင်းဖြစ်သည်။ ထိုအခြင်း အရာသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးသဘောတူစာချုပ်များတွင် ပါဝင် သော များစွာသော စံချိန်၊စံညွှန်းများကို လိုက်နာရန်ပျက်ကွက်လျှက်ရှိသည်ကို ပြသနေပြီး အရပ်ဘက်အဖွဲ့အစည်းမှ ပြုလုပ်သော တိုးတက်မှုများကို ခြိမ်းခြောက်လာနိုင်ပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ကူညီလျှက်ရှိသော NGOs များ၏  ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း လျော့ကျစေပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုဝေးခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်တို့လျော့နည်းစေရန်အတွက် ဥပဒေကြမ်းကို အသုံးမပြု သင့်ပါ။ AAPP မှ အစိုးရအား ဥပဒေကြမ်းကို ပြန်လည် သုံးသပ်ရန် သို့မဟုတ် ရုပ်သိမ်းရန် အကြံပြုပါသည်။ ဥပဒေကြမ်းကို သုံးသပ်လျှင် ဆန္ဒအလျောက် မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းများကို အပြစ်ပေးခြင်းမှ ဖယ်ရှားခြင်းနှင့် အစိုးရအား ဝေဖန်သော အဖွဲ့များကို ပစ်မှတ်ထားခြင်းနှင့် မှတ်ပုံတင်ရန် ငြင်းပယ်ခြင်းတို့မရှိစေရန်အတွက် ရှင်းလင်းခြင်းမရှိသော အသုံးအနှုန်းများကို ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို လက်ရှိကျင့်သုံးလျှက်ရှိသော ဥပဒေများအား အသုံးပြု၍ ကန့်သတ် ထားလျှက် ရှိသည်ကို ဖမ်းဆီးခြင်းခံထားရသော ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်ကြသည့် ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့၏အမှုကို ကြည့်ခြင်းအားဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်သည်။ တရားခွင် ကြားနာ စစ်ဆေးမှုများအတွင်း ထွက်ဆိုမှုများသည် ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရှိရသောကြောင့် ၎င်းတို့နှစ်ဦး၏ ရှေ့နေများမှ အမှုအား ရုပ်သိမ်းပေးရန် မတ်လအတွင်းတွင် လျှောက်ထားခဲ့သည်။ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခြင်းသည် သတင်း လွတ်လပ်ခွင့်ကို ကိုယ်စားမပြုကြောင်း အစိုးရ တာဝန်ရှိသူများမှ ယခင်က ငြင်းဆိုခဲ့သည်။ သို့သော်လည်း သတင်းသမားများ မတရားဖမ်းဆီးခံရမှုများ ဆက်လက်ရှိနေခြင်းသည် ထိုငြင်းဆိုမှုကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။

NLD အစိုးရ အာဏာရရှိပြီးကတည်းက မီဒီယာလွတ်လပ်ခွင့် နောက်ပြန်ဆုတ်လျှက်ရှိသည်ကို ထိုအမှုမှ ထင်ရှားစွာမြင်နိုင်သည်။ မတ်လ ၃ဝ ရက်နေ့တွင် “Media freedom in conflict areas” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲအတွင်း သတင်းစာဆရာများမှ ဦးသိန်းစိန်အစိုးရလက်ထက်ကထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) လက်ထက်တွင် သတင်းမီဒီယာသမားများ သတင်းရယူခွင့် ပိုမိုကျပ်တည်းမှု ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။ အလားတူပင် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ အဖွဲ့မှ ထုတ်ပြန်ခဲ့သော ၂၀၁ရ ခုနှစ် စစ်တမ်းတွင် ၂၀၁၆ ခုနှစ်ကထက် သတင်းထောက်များ အပေါ် အကြမ်းဖက်မှုများ တိုးလာသည်ဟု  ၅၅ ရာခိုင်နှုန်းသော သတင်းထောက်များမှ ယုံကြည်နေကြသည်ဟု ဖော်ပြထားသည်။ ထို့ပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင် ပြည်နယ်ကဲ့သို့သော ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ၇၈ ရာခိုင်နှုန်းသော သတင်းသမား များ လွတ်လပ်စွာ သတင်းယူခွင့် ကျဆင်းခြင်း သို့မဟုတ် ပို၍ကျဆင်းလျှက်ရှိသည်ဟု ဖော်ပြထားသည်။

အာဏာလက်ဝယ်ရှိသူများ ကျူးလွန်သော ဖြစ်စဉ်များကို သတင်းရေးသားရန်မှာ မီဒီယာများ၏ တာဝန်ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းကျ ဖွဲ့စည်းထားသော မည်သည့် လူ့အသိုင်းအဝန်းတွင်မဆို သတင်းလွတ်လပ်ခွင့်သည် အခြေခံအုတ်မြစ်ဖြစ်သည် သာမက နိုင်ငံတော်၏ ဒီမိုကရေစီကတိကဝတ်အတွက် အရေးပါသော အခြင်းအရာလည်းဖြစ်သည်။ ထိုအခွင့်အရေးများသည် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်သော အစိုးရလက်ထက်တွင် ပို၍ တင်းကြပ်လာသည်မှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် မီဒီယာများသည် ၎င်းတို့၏ ကျင့်ဝတ်၊ သိက္ခာနှင့် ဆက်စပ်လျှက်ရှိသော ကိစ္စရပ်များတွင် ၎င်းတို့ ကိုယ်ပိုင် စည်းမျဉ်းများနှင့်အညီ အမှီအခိုကင်းစွာ ရပ်တည်ခွင့်ရှိရမည်၊ သတင်းများကို စုဆောင်းခွင့်နှင့် ဖြန့်ဖြူး ခွင့်ရှိရမည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည့်အတွက် မီဒီယာများ ဖိနှိပ်ခံနေရခြင်းသည် ထိုကြေညာစာတမ်းနှင့်ဆန့်ကျင်ကွဲလွဲလျှက်ရှိသည်။ အစိုးရသည် ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်လျှက်ရှိသည့်အပြင် ကိုလိုနီခေတ်အစိုးရနှင့် စစ်အစိုးရဟောင်းများ အုပ်ချုုပ်စဉ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်ထားသော ဥပဒေများကို ရုပ်သိမ်းရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်ခြင်းမရှိသည်သာမက ထိုဥပဒေများကို စစ်အစိုးရဟောင်းများ လက်ထက်ကထက် ပို၍ အသုံးပြုလျှက်ရှိသည်ကို တွေ့ရှိရ သည်။ ဥပမာအားဖြင့် အစိုးရ အာဏာစတင်ယူခဲ့သော ဦးဆုံးနှစ်တွင် ၂၀၁၃ ဆက်သွယ်ရေးဥပဒေဖြင့် မီဒီယာများကို တရားစွဲဆိုမှုသည် ပြီးခဲ့သည့် အစိုးရဟောင်းလက်ထက်ကထက် ပိုမိုများပြား လျှက်ရှိသည်။

အစပျိုးလျှက်ရှိသော ဒီမိုကရေစီတွင် မရှိမဖြစ် အရေးပါသော သတင်းရေးသားခြင်းကို ဥပဒေဖြင့် ဆက်လက် ဖိနှိပ်လျှက်ရှိခြင်း ကြောင့် သတင်းသမားများသည် လွတ်လပ်စွာ သတင်းရေးသားရန် ကြောက်ရွံ့နေကြရဆဲဖြစ်သည်။ ထို့ပြင် တည်ငြိမ်မှုမရှိသော ဒီမိုကရေစီ အကူးအပြောင်း နှင့် အစိုးရ၏ လိုက်နာရန် ပျက်ကွက်ဆဲဖြစ်သော ရွေးကောက်ပွဲကတိကဝတ်များကြောင့်လည်း ဖိနှိပ်ထားမှုများသည် ပိုမို ဆိုးရွားလာခဲ့သည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို ဒီမိုကရေစီအဖွဲ့အစည်း၏ အဓိကကျသော အခန်းကဏ္ဍများအဖြစ် လက်ခံရန် အာဏာပိုင်များက လျစ်လျူရှုဆဲဖြစ်ပြီး မည်သည့် ဆောင်ရွက်မှုမျိုးမျှမရှိလျှင် သတင်း လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့သည် ရှေ့ဆက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် AAPP မှ တောင်းဆိုလျှက်ရှိသည့်အတိုင်း ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်နှင့် အကျဉ်းချထားခြင်းခံထားရသော သတင်းထောက်များ အားလုံးကို အမြန်ဆုံး လွှတ်ပေးပါရန်တောင်းဆိုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်လျှက်ရှိသည့် ဥပဒေများကို ရုပ်သိမ်းပေးပါရန် တောင်းဆိုပါသည်။ ထို့ပြင် ပြည်သူများသည် ဖိနှိပ်မှုများကို ကြောက်ရွံ့ခြင်းမရှိဘဲ အရေးပါသော သတင်းများကို တင်ပြနိုင်ရန် လုပ်ဆောင်ပါရန် AAPP မှ အစိုးရအား အကြံပြုပါသည်။

ကလေး  စစ်သားအဖြစ် အဓမ္မ စုဆောင်းခြင်းခံခဲ့ရစဉ်က အတွေ့အကြုံများနှင့် အကျဉ်းထောင်တွင်း ၁ဝ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရစဉ်က အတွေ့အကြုံများကို လွတ်လပ်သော အာရှအသံ (RFA) နှင့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်းအတွက် မတ်လအတွင်းတွင် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် သူသည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ရ ဖြင့်လည်း ထပ်တိုး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ၎င်းအပြင် ကိုအောင်ကိုထွေးသည် တရားစီရင်ရေးအား အယုံအကြည်မရှိ၍ တရားရုံးအား သပိတ်မှောက်ထားသည့်အတွက် တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ဖေဖော်ဝါရီလတွင် ထောင်ဒဏ် ခြောက်လ ချမှတ်ခြင်းခံထားရပြီးဖြစ်သည်။ ကလေးများအား အဓမ္မလူသစ်စုဆောင်းခြင်းမှ ရပ်တန့်ရန် အစိုးရသည် များစွာသော ကတိကဝတ်များကို ပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၂ ခုနှစ်က ကမာ္ဘ့ကုလသမဂ္ဂနှင့် အစိုးရတို့ကြား သဘောတူထားသည့် ပူးတွဲ ဆောင်ရွက်မှု အစီအစဉ် (JAP) တွင်လည်း ဥပဒေ တစ်စိတ်တစ်ပိုင်းပါဝင်ပြီးဖြစ်ပြီး ၂၀၁ရ ခုနှစ်က လက်နက်ကိုင် အင်အားစုများ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်လျှက်ရှိ သော ကလေးများ အပေါ်ပြဋ္ဌာန်းထားသည့်  ပြင်သစ်စည်းမျဉ်းများတွင်လည်း ပါဝင်ပါသည်။ ပူးတွဲ ဆောင်ရွက်မှု အစီအစဉ် (JAP) ကို သဘောတူညီပြီးကတည်းက ကလေးစစ်သား ၈၄၉ ဦးသည် ပြန်လည် လွတ်မြောက်လာ ခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိသော ဆောင်ရွက်မှုများကြောင့် ယနေ့အထိ မည်မျှလွတ်မြောက်လာသည်ကို တိကျစွာ ဆုံးဖြတ်ရန် ခက်ခဲလျှက်ရှိသည်။

နိုင်ငံတကာ မူဝါဒများရှိသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ကလေးစစ်သား စုဆောင်းခြင်းကို တားမြစ်ထားသည့် ထိရောက် သော ဥပဒေပြဋ္ဌာန်းချက်များ မရှိသေးပါ။ သတိပြုမိသော စိုးရိမ်ဖွယ်ရာသည် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော ၁၉၉၃ ကလေး သူငယ်ဆိုင်ရာ ဥပဒေဖြစ်သည်။ ထိုဥပဒေအတွင်းတွင် ကလေးစစ်သားစုဆောင်းခြင်းကို ထည့်သွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် အသက် ၁၆ နှစ်အောက်ကိုသာ ကလေးအဖြစ်သတ်မှတ်သည်ဟု ဖော်ပြထားသည်။ ထိုအခြင်းအရာသည်  မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်သော ကမာ္ဘ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် တွင် အသက် ၁၈ နှစ်အောက်ကိုသာ ကလေးအဖြစ်သတ်မှတ်သည်ဟူသော သတ်မှတ်ချက်နှင့် ကွဲလွဲဆန့်ကျင်လျှက်ရှိသည်။

ကိုအောင်ကိုထွေးအား နှုတ်ဆိတ်သွားစေရန် ကြိုးပမ်းအားထုတ်နေမှုများကို အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်ပြီး ထိုဆောင်ရွက်မှုများ သည် ဥပဒေဆိုင်ရာ သတ်မှတ်ချက်များနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်၊စံနှုန်းများနှင့် တိုက်ရိုက် ကွဲလွဲ ဆန့်ကျင်လျှက်ရှိ သည်။ ထိခိုက်နစ်နာသူများအား ပြစ်ဒဏ်ပေးခြင်းသည် ကလေးစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်သော ဖြစ်စဉ်များကို ထုတ်ဖော် ပြောဆိုခြင်းမှ ထိန်းချုပ်ရန် ကြိုးပမ်းမှုဖြစ်ပြီိး အဓိက သတင်းအချက်အလက်များကို ဖုံးကွယ်ရန်နှင့် ကလေးစစ်သား စုဆောင်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများ ဒဏ်ခတ်ခြင်းမခံရစေရန်ဖြစ်သည်။

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အမြန်ဆုံး ပြန်လွှတ်ပေးခြင်း၊ စွဲဆိုထားသော စွဲချက်များကို ပြန်လည် ရုပ်သိမ်းပေး ခြင်းနှင့် ၎င်းအတွက် ပြန်လည်ကုစားပေးရေးကို ပြုလုပ်ပေးခြင်းဖြင့်  အရေးပါသော ခြေလှမ်းကို စတင်နိုင်မည်ဖြစ်သည်။ AAPP မှ ကလေးစစ်သားစုဆောင်းသူများကို စနစ်တကျ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးပါရန် တောင်းဆိုပြီး အစိုးရအား ကမာ္ဘ့ကုလသမဂ္ဂ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခပေါ်တွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် နောက်ဆက်တွဲ လုပ်ထုံး လုပ်နည်းများကို နှောင့်နှေးမှုမရှိဘဲ လက်မှတ်ရေးထိုးပါရန် တိုက်တွန်းပါသည်။ အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိချိန်တွင် ကလေးစစ်သားစုဆောင်းခံရခြင်းအတွက် ထိခိုက်နစ်နာခဲ့ရသူများ နှုတ်ဆိတ်နေ ခြင်းမှ ရပ်တန့်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့လွတ်မြောက်လာပြီးနောက် ဆက်လက် ရင်ဆိုင်နေရသော အခက်အခဲများနှင့် ချိုးဖောက်မှုများကိုလည်း ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ တရားစီရင်ရေးစနစ်တွင် ဒဏ်ခတ်ခံရခြင်းမှ လွတ်ကင်းနေသော အခြားထင်ရှားသည့်အမှုသည် ကချင်စစ်ဘေးရှောင် နှစ်ဦး ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရကာ သတ်ဖြတ်ခြင်းခံခဲ့ရသည့်အမှုဖြစ်သည်။ ကချင်ပြည်၊ မံစီမြို့နယ်၌ ဇန်နဝါရီလ ၃၁ ရက်နေ့က တပ်မတော်မှ ဖမ်းဆီး၊ ထိန်းသိမ်းခဲ့သော ကချင် စစ်ဘေးရှောင် နှစ်ဦးဖြစ်ကြသည့် ဦးဖေါဂမ်ယော်နှင့် ဦးနခွန်နော်ဆန်းတို့၏  ရုပ်အလောင်းများကို သေနတ်ဒဏ်ရာများဖြင့်  မတ်လ ၈ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများ မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလျှက်ရှိချိန်တွင် သတ်ဖြတ်ခြင်းခံရသူ ဦးဖေါဂမ်ယော်၏ ချွေးမ ဒေါ်ကော့အောင်အား တပ်မတော်မှ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အဆက်အသွယ်ရှိသည်ဟူ၍ စွပ်စွဲကာ မတရား အသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ပြင် မတ်လအတွင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးကောင်း မြို့နယ်၊ ဝမ်မုန်းရွာအနီးတွင် တပ်မတော် ခြေလျင်တပ်ရင်း ၅၇၈ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်အရာရှိများမှ ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ စိုင်းမြင့်ကို RCSS/SSA ၏ သူလျှို ဖြစ်သည်ဟု စွပ်စွဲကာ ချည်နှောင်ပြီး  ပြင်းထန်စွာ ရိုက်နှက်ခဲ့ သည်။

ထိုကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုများနှင့် သတ်ဖြတ်မှုများသည် တိုင်းရင်းသားဒေသများတွင် ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။  အထူးသဖြင့် ကချင်ပြည်နယ် နှင့်  ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားလျှက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှ စစ်ပွဲအတွင်း ဖြစ်ပွားနေသော ရာဇဝတ်မှုများအဖြစ် ရှုတ်ချခဲ့သည်။ ကမာ္ဘ့ကုလသမဂ္ဂ အဖြစ်မှန် ဖော်ထုတ်ရေး အဖွဲ့မှ မကြာသေးမီက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လျှက်ရှိသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ကိုထူးအောင်သည် အချုပ်ခန်းအတွင်းရှိ အချုပ်သားများ၏ ဝိုင်းဝန်းထိုးကြိတ်ရိုက် နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။ ထို့ပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေါင့်ချောင်းကျေးရွာမှ ရွာသားနှစ်ဦးဖြစ်ကြသော ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့သည်လည်း လပွတ္တာမြို့ နယ်၊ ပိုးလောင်းနယ်မြေရဲစခန်းမှ ရဲများ၏ ညှဉ်းပန်း နှိပ်စက်ခြင်းကို ပြင်းထန်စွာ ခံခဲ့ကြရသည်။ အကျဉ်းထောင်တွင်း၊ အချုပ်ခန်း များတွင်း ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်မှုများသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့ သို့ ဖြစ်နေသောကြောင့် ထိုအခြင်းအရာကို အဓိကထား ကိုင်တွယ် ဆောင် ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူစာချုပ် အများစုကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါ။ နိုင်ငံတကာ ဥပဒေဖြင့် အာမခံပေးထားသော ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်သည် လူသားအားလုံးအတွက် အခြေခံကျသော အခွင့်အရေး ဖြစ်သည်။ ထိုအခွင့်အရေးများကို ချိုးဖောက်ခြင်းသည် နိုင်ငံတကာဥပဒေ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြာ ဖြစ်ပွားလျှက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် လူ့အခွင့်အရေး များကို မြှင့်တင်ရန်နှင့် လေးစားရန် အစိုးရမှ ကတိပြုထားသော်လည်း ထိုကိစ္စရပ်များကို အသိအမှတ်ပြု လုပ်ဆောင်ရန် ပျက်ကွက်လျှက်ရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဆောင်ရွက်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် အတွက် ထိုအမှုများကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပါရန် AAPP မှ အစိုးရအား တောင်းဆိုပါသည်။ ထို့ပြင် မတ်လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို စုံစမ်း၊စစ်ဆေးမှုများပြုလုပ်ပါရန် တောင်းဆိုပါသည်။  ဒဏ်ခတ်ခံရခြင်းမှ ကင်းလွတ်နေသည်ကို ဆန့်ကျင်၍ နိုင်ငံတကာ စံချိန်၊ စံနှုန်းများအတိုင်း အမှီအခိုကင်းသော၊ ဘက်မလိုက် သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်မှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားများ ညှဉ်းပန်းနှိပ်စက်မှု များ၊ ဖိနှိပ်မှုများမှ ကင်းလွတ်စေရန် အစိုးရအား ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် ပြင်ဆင်ရေးဆွဲပါရန် အကြံပြု ပါသည်။ ထို့ပြင် AAPP မှ အစိုးရအား ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား ရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) နှင့် ၎င်း၏ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းများကို လက်မှတ်ရေးထိုးရန် တိုက်တွန်းပါသည်။ ထိုသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အစိုးရသည် လူ့အခွင့်အရေးများကို ကာကွယ်ကြောင်း ဖော်ပြရာရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အလေးထားကြောင်း ညွှန်းဆို ပြသရာရောက်သည်။ ထို့ပြင် တိုင်းရင်းသားများအပါအဝင် ပြည်သူများအားလုံး၏ အခွင့်အရေးများအတွက် အစိုးရ၏ ကြိုးပမ်းမှုကို ထင်ရှားစွာ ပြသမည်ဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့ (UNODC) ၏ ပူးပေါင်းကူညီမှုနှင့်ရေးဆွဲခဲ့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒသစ်သည် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ကျန်းမာရေး-လူ့အခွင့်အရေး ရှုထောင့်များမှ အခြေခံ၍ ရေးဆွဲခဲ့ခြင်းဖြစ်သောကြောင့် တိုးတက်သော ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ ထိုမူဝါဒသစ်အရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြစ်ဒဏ်ပေး အရေးယူမည့်အစား ဆေးပြတ်အောင် ကုသနိုင်ရေး အတွက် ၎င်းတို့၏ လိုအပ်ချက်များအပေါ် ကူညီဖြည့်ဆည်းပေး ရေးကို အာရုံစိုက် လုပ်ဆောင်ရန်ဖြစ်သည့်အတွက် AAPP မှ အစိုးရ၏ လုပ်ဆောင်ချက်ကို ကြိုဆိုပါသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အစိုးရ၏ ပထမဆုံး မူဝါဒဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ထိခိုက်မှု လျှော့ချရေးသည် အကျိုးသက်ရောက်မှုများစွာ ရှိမည်ဟု မျှော်လင့်ပါသည်။ မြန်မာနိုင်ငံ အကျဉ်းသားများ၏ ၄၈ ရာခိုင်နှုန်း သည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်၍ အကျဉ်းကျနေသော အကျဉ်းသားများဖြစ်သောကြောင့် ထိုမှုဝါဒသစ်သည်  အကျဉ်းထောင် အတွင်း လူဦးရေပြည့်သိပ်နေခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော်လည်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ထုတ်ပြန်ခြင်းမပြုမီ တစ်ပတ်အလိုတွင် ၁၉၉၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေကို ပြင်ဆင် ဖြည့်စွက်သည့်ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ များအတွက် ပြင်းထန်သော ပြစ်ဒဏ်များ၊ ဖိနှိပ်မှုများနှင့် ပြည်စုံမှုမရှိသော ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ဆက်လက်ရှိနေသည်။ မူးယစ်ဆေးဝါးထိန်းချုပ်မှုဆိုင်ရာ ဥပဒေနှစ်ခုကြား ကွဲလွဲမှုများရှိနေခြင်း၊ ခြားနားမှုများရှိနေခြင်းတို့သည် မူဝါဒပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ပြည့်စုံသော နည်းဥပဒေများကို မြန်ဆန်စွာ ရေးဆွဲရန်နှင့် ပြင်ဆင်ဖြည့်စွက်ထားသော မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေနှင့် အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒကြား ခြားနားနေမှုကို ကိုင်တွယ်ဆောင်ရွက်ပါရန် AAPP မှ အစိုးရအား အကြံပြုပါ သည်။ လယ်ယာမြေအရေးသည် ဖြေရှင်းနိုင်ခြင်းမရှိသေးသော ပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့်နေ့မှ ယနေ့အချိန်အထိ ပြည်သူများထံမှ မြေယာ အငြင်းပွားမှုနှင့် ပတ်သက်၍ တိုင်ကြားစာ ပေါင်း ၈၉၁ စောင် ရောက်ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ နှစ်နှစ်ကျော်အတွင်း ရောက်ရှိခဲ့သော တိုင်ကြားစာများ အနက် မြေယာကိစ္စ နှင့် ပတ်သက်သည့် တိုင်ကြားစာ ၉ဝ ရာခိုင်နှုန်းခန့်ပါဝင်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် သိမ်းဆည်းခြင်းခံခဲ့ရသော လယ်ယာ မြေများ၊ စီမံကိန်းများကြောင့် ပျက်စီးသွားခဲ့သော လယ်ယာမြေများအတွက် လျော်ကြေးများ ပြန်လည်ရရှိရန် လယ်သမားများ တောင်းဆိုလျှက်ရှိခြင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ရန် ဒေသခံများသည် ၎င်းတို့ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် နေရာများမှ စွန့်ခွာရန် ဖိအား ပေးခံနေရခြင်း၊ ပြစ်ဒဏ်ချမှတ်ခံနေရခြင်းတို့ကို ရင်ဆိုင် ကြုံတွေ့နေရသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် မြန်မာ-တရုတ် ရေနံဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာခဲ့သော ဒေသခံ တောင်သူများသည်  နစ်နာကြေး အပြည့်အဝရရှိရေးအတွက် မတ်လ ၂၂ ရက်နေ့ တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရေနံပိုက်လိုင်း ကြောင့် မြေယာ ဧက တစ်ထောင်ကျော် ဆုံးရှုံးခဲ့သော်လည်း ဒေသခံများသည် ဧက သုံးရာခန့်သာ နစ်နာကြေးရထားသည်။  ထို့ပြင် မတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် တရားရုံးမှ မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရန် မြေနေရာ ဖယ်ပေးခြင်း မရှိသည့် ဒေသခံ နှစ်ဦးဖြစ်ကြသော ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့ကို လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ် ခုနစ်လစီ ချမှတ်ခဲ့သည်။

တနင်္သာရီတိုင်း

ကျောက်ဖျာမြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန် တနင်္သာရီတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခြင်းခံထားရသော မြေယာများ နှင့်ပတ်သက်၍ မတ်လ ၈ ရက်နေ့တွင် မြိတ်မြို့၌ ဒေသခံများမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ် ကတည်းက မြေယာဧက ၅၆၀ဝ ကျော်ကို ဥပဒေ နှင့်မညီဘဲ  သိမ်းယူခဲ့သော်လည်း  ဧက ၁၀ဝ ကိုသာ အသုံး ပြုခဲ့သောကြောင့် ဒေသခံများမှ ထိုမြေများပြန်လည်ရရှိရန်အတွက် တောင်းဆိုခြင်းဖြစ်သည်။

ဧရာဝတီတိုင်း

ဟင်္သာတမြို့တွင် အမှတ် ၁၈ ခြေလျင်တပ်ရင်းမှ သိမ်းယူ ထားသော လယ်ယာမြေဧက ၃ဝ ပြန်လည်ရရှိရေးအတွက် မတ်လ    တတိယပတ်တွင် ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဘိုကျေးရွာမှ တောင်သူ ခြောက်ဦးသည် ဧရာဝတီ တိုင်းအစိုးရအဖွဲ့ထံ တင်ပြ တောင်းဆိုခဲ့သည်။ ၁၉၉၇-၁၉၉၈ တွင် အမှတ် ၁၈ ခြေလျင်တပ်ရင်းမှ ဧက ၁၄ဝ ကို သိမ်းယူခဲ့ပြီး ဧက ၁၁ဝ ကို ပြန်လည် စွန့်လွှတ်ခဲ့သည်။ ကျန်ရှိသော ဧက ၃ဝ သည် ပြန်လည် စွန့်လွှတ်မှုတွင် ပါဝင်ခြင်းမရှိ၍ ဒေသခံများမှ ပြန်လည် စွန့် လွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်။

ရှမ်းပြည်နယ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)ပေါ်တွင် စစ်အစိုးရလက်ထက်ကတည်းက တည် ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မတ်လ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၌ ကျင်းပခဲ့သည်။ အစိုးရမှ စီမံကိန်းအနီးရှိ တာလုံရွာကို ဖယ်ရှားခိုင်းသော် လည်း ဒေသခံများမှ ငြင်းဆန်နေကြသည်။ တာလုံရွာဒေသခံ ဦးစိုင်းထမ်အိုက်မှ ၂၀၁၄ ခုနှစ်မှ စတင်ပြီး ရွာအား ဖယ်ရှား ခိုင်းခဲ့ခြင်းဖြစ်ပြီး အစိုးရမှ လျှော်ကြေးပေးရန် ကမ်းလှမ်းသော် လည်း စိုက်ပျိုးထားသည့်အပင်များသည် နှစ်ရှည်ပင်များဖြစ်ခြင်း၊ အသက်မွေးဝမ်း ကြောင်း အလွန် အဆင်ပြေခြင်းတို့ကြောင့် ဖယ်ပေးရန် မဖြစ်နိုင်ပါဟု ပြောကြားခဲ့သည်။ မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်အတွင်းရှိ တပ်သိမ်းမြေတချို့အား ပြန်လည် စွန့်လွှတ်မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်၏မေးခွန်းကို ဗိုလ်ချုပ် မြင့်နွယ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်း

ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာရှိ လယ်ယာနှင့် ဥယျာဉ်ခြံမြေ ဧက ၃၀၀ဝ ခန့်အား လုပ်ငန်းရှင် ခုနှစ်ဦးက မတရားသိမ်းယူ ထားသည်ကို ကျေနပ်ခြင်းမရှိ၍ မတ်လ ၂၆ ရက်နေ့တွင် မူလပိုင်ရှင် ရွာသား ၇ဝ ခန့်သည် ပဲခူးမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင်၊ ပဲခူး မြို့နယ်၊ လှော်ကားကျေးရွာမှ လယ်ယာနှင့် ဥယျာဉ်ခြံပိုင်ရှင် ၂၀ဝ ခန့်၏ ဂရန်ရှိပြီးဖြစ်သော လယ်ယာနှင့် ဥယျာဉ်ခြံမြေ ၃၀ဝ ခန့်အား လုပ်ငန်းရှင် ခုနှစ်ဦးထံ မြေစာရင်းဦးစီးဌာနမှ မြေဂရန်ထပ်မံထုတ်ပေးခဲ့သည်။ ထို့ကြောင့် လုပ်ငန်းရှင်များမှ ထိုလယ်ယာနှင့် ဥယျာဉ်ခြံမြေ များကို သိမ်းယူသွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျေးရွာသားများသည် အချိန် ကြာမြင့်စွာ အမှုရင်ဆိုင်နေရပြီး မူလပိုင်ဆိုင်သော လယ်ယာနှင့် ဥယျာဉ်ပိုင်ရှင်များမှာ ဖမ်းဆီး ထောင်ချခြင်းခံနေရသည်။ မြန်မာနိုင်ငံအတွင်း လယ်ယာမြေသိမ်းဆည်းခြင်းကြောင့် ဒေသခံများနှင့် ပုဂ္ဂလိကလုပ်ငန်းများကြား တင်းမာမှုများဖြစ်ပွားနေခြင်း သည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ နိုင်ငံ၏ လယ်ယာမြေဥပဒေများနှင့် စည်းမျဉ်းဆိုင်ရာ အားနည်းမှုများသည် ပုဂ္ဂလိက လုပ်ငန်းများမှ  ဒေသခံလယ်သမားများ နှစ်များစွာကြာ စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာများကို လွယ်ကူစွာ သိမ်းယူနိုင်သကဲ့သို့ ဖြစ်သည်။ ထိုအားနည်းမှု များကို ပိုမို ဆိုးရွားသွားစေသည်မှာ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လယ်ယာမြေ ဥပဒေဖြစ်သည်။ အရပ်ဘက် အဖွဲ့အစည်းများ (CSOs)၊ ပညာရှင်များမှ ဝေဖန်မှုများရှိသော်လည်း ထိုဥပဒေသည် ယခင်က ပြဋ္ဌာန်းခဲ့သော လယ်ယာမြေများကို နိုင်ငံပိုင်ပြုခြင်း ပြဋ္ဌာန်းချက်အတိုင်းဖြစ်ပြီး အစိုးရ၏ လယ်ယာမြေသိမ်းယူခြင်းအတွက် အခွင့်အာဏာနှင့် လယ်ယာမြေအသုံးပြုမှုအတွက် ဆုံးဖြတ်ပိုင်ခွင့် တို့လည်း ထိုဥပဒေတွင် ပါဝင်သည်။ အထက်တွင်ဖော်ပြခဲ့သည့် အမှုဖြစ်သော ရခိုင်ပြည်နယ် မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရန် မြေနေရာ ဖယ်ပေးခြင်း မရှိသည့် ဒေသခံအမျိုးသားနှစ်ဦးကို  လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သော အမှုမှ ပြသလျှက်ရှိသည်။ ထိုအမှုသည် လယ်ယာမြေဥပဒေကို အသုံးပြု၍ လယ်သမားများကို ဖိနှိပ်သော အမှုများစွာထဲမှ တစ်မှုဖြစ်သည်။

လယ်ယာမြေသိမ်းဆည်းခြင်းသည် လူ့အခွင့်အရေး စံချိန်၊စံညွှန်းများကို လိုက်နာရန် ပျက်ကွက်ခြင်းဖြစ်သည်။ လယ်ယာမြေ သိမ်းဆည်းခြင်းမပြုမီ ဆွေးနွေးတိုင်ပင်ခြင်း၊ လျော်ကြေးပေးခြင်းနှင့် လယ်ယာမြေ ပြန်လည်အစားထိုးပေးခြင်းတို့ မရှိခြင်း သည် နှင်ထုတ်ခြင်းနှင့် နေရာမဲ့ခြင်းအပေါ် အခြေခံထားသော ကမာ္ဘ့ကုလသမဂ္ဂ၏ လမ်းညွှန်မှုများကို ချိုးဖောက်ခြင်းဖြစ်သည်။ ထို လမ်းညွှန်မှုများတွင် သိမ်းဆည်းခြင်းမပြုမီ နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ရန် များစွာသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရမည်ကို ပြဋ္ဌာန်း ထားသည်။ လယ်ယာမြေသိမ်းဆည်းခြင်းတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တာဝန်ခံမှုမရှိခြင်းနှင့် လျော်ကြေးပေးလျော်မှုမရှိခြင်းတို့သည် ဒေသခံများကို အကြိမ်ကြိမ် အပြစ်ပေးနေသကဲ့သို့ဖြစ်သည်။ ယခုလတွင် ဒေသခံများ သည် နစ်နာကြေးများ ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းသည် ၎င်းတို့၏ စားဝတ်နေရေးကို လွန်မင်းစွာ ထိခိုက်နေခြင်းကြောင့်ဖြစ် သည်။  ၂၀၁ရ ခုနှစ်တွင် မြန်မာနိုင်ငံက လက်မှတ် ရေးထိုး အတည်ပြုခဲ့သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) အပိုဒ် ၆ နှင့် အပိုဒ် ၁၁ တို့တွင် အလုပ် လုပ်ကိုင်ခွင့်နှင့် လုံလောက်သော အိုးအိမ်နေရာ ရရှိခွင့်တို့ကို ဖော်ပြထားသည်။  ထိုအခွင့်အရေးများအား ချိုးဖောက်ခြင်းမှ ဟန့်တားရန်အတွက် AAPP မှ အစိုးရအား ICESCR ကို လိုက်နာ စောင့်ထိန်းပါရန် တိုက်တွန်းပါသည်။ ထို့ပြင် ပြည်တွင်း ဥပဒေကို ခိုင်မာစွာ ဖွဲ့စည်း တည်ဆောက်နိုင်ရန် လယ်ယာမြေ ဥပဒေအပါအဝင် လယ်ယာမြေနှင့် ဆက်စပ်လျှက်ရှိသော ဥပေဒများကို ပြင်ဆင်ဖြည့်စွက်ပါရန် အကြံပြုပါသည်။

မတ်လအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန် အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပါသည်။ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။ 

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၆၆() ၈၁၂ ၈၇၈ ၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

တလအတွင်းသတင်းသုံးသပ်ချက်ဒါင်းလော့ရယူရန်    Burmese MiR Template

လစဉ်သတင်းစုစည်းမှု ဒေါင်းလော့ရယူရန် Burmese Chronology Template

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် March 54 PP list Burmese version 2018

အမှုရင်ဆိုင်နေရဆဲ စာရင်းဒေါင်းလော့ရယူရန် March (bur) 194 facing trial list updated on Feb 28, 2018 (Updated)

ဆက်သွယ်ရေးဥပဒေဖြင့်ဖမ်းဆီးထိန်းသိမ်းတရားစွဲခံရသူများစာရင်း 66 (D) total list(new) Updated