အေအေပီပီမှ မြစ်ကြီးနားမြို့တွင် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ Counseling (၁၀) ရက် သင်တန်းကို သင်ကြားပို့ချ

27749940_565003517165488_4823658575405563396_n

အေအေပီပီ(AAPP) မှ သင်တန်းဆရာများဖြစ်ကြသော ဦးထင်အောင်နှင့် ဒေါ်ခင်ငြိမ်းချမ်းစိုးတို့သည် ဖေဖော်ဝါရီလ (၁၂) ရက်မှ (၂၃) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ Counseling (၁၀) ရက် သင်တန်းကို သင်ကြားပို့ချပေးခဲ့ကြပါသည်။ အဆိုပါသင်တန်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ဒေသတွင်းအကြမ်းဖက်မှုများ ပပျောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်လျက်ရှိသော Kachin Baptist Convention (KBC) ၊ Karuna Mission Social Solidarity (KMSS) ၊ Kachin Development Group (KDG) နှင့် မေတ္တာဖောင်ဒေးရှင်း အဖွဲ့အစည်းများမှ သင်တန်းသား/သူ (၂၇) ဦး တက်ရောက်သင်ကြားခဲ့ကြပါသည်။ ၎င်းအဖွဲ့အစည်းများအနေဖြင့် Johns Hopkins University မှ နည်းပညာအကူအညီများဖြင့် ကချင်ပြည်နယ်တွင်း စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ Counseling အထောက်အပံ့များပေးနိုင်မည့် ကောင်ဆယ်လာများ မွေးထုတ်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အေအေပီပီအနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းကို ယခုကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများထံသို့ အရောက်မျှဝေပံ့ပိုးပေးရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ထို့ပြင် သင်တန်းတွင် ပူးပေါင်းပါဝင်ခဲ့ကြသူများအနေဖြင့် မိမိတို့၏ ဒေသရပ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများနှင့် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာအကူအညီ လိုအပ်လျက်ရှိသော သွေးချင်းညီအစ်ကိုမောင်နှမများအား သင်ကြားထားသော ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

28449578_571385359860637_1788921871_n