အေအေပီပီအောက်တိုဘာလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ကျဉ်းစာရင်းထုတ်ပြန်ချက်
တစ်လအတွင်းသုံးသပ်ချက်
အောက်တိုဘာလအတွင်းတွင် ပို့ကုန်၊သွင်းကုန်အက်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် နှစ်ဦး၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)(၂)ဖြင့် တက်ကြွလှုပ်ရှားသူတစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တက်ကြွလှုပ်ရှားသူ တစ်ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူ တစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ဖမ်းဆီးခံခဲ့ရသည်။ အောက်တိုဘာလတွင်း စုစုပေါင်း လေးဦး တရားစွဲဆိုခံခဲ့ရသည်။ ၎င်းတို့မှာ ပို့ကုန်၊သွင်းကုန်အက်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် တရားစွဲဆိုခံရသူ နှစ်ဦး၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)(၂)ဖြင့် တရားစွဲဆိုခံရသော တက်ကြွလှုပ်ရှားသူတစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံရသော တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ဖြစ်ကြသည်။ အောက်တိုဘာလတွင်း ကချင်သင်းအုပ်ဆရာ နှစ်ဦးသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပို့ကုန်၊သွင်းကုန် အက်ဥဒေ ပုဒ်မ ၈ ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ထိုထဲမှ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ) တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် အောက်တိုဘာလတွင်း စုစုပေါင်း လေးဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ နိုင်ငံရေး အကျဉ်းသားလေးဦးဖြစ်သည့် ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်၊ ဦးဒွမ်ဒေါ့နောင်လတ် နှင့် ကိုအောင်ကိုထွေးတို့မှာမှု ကျန်းမာရေးဆိုးရွားလျက်ရှိကြောင်းသိရှိရသည်။
အောက်တိုဘာလတွင်းတွင် အစိုးရမှ နိုင်ငံသားများကို ဖိနှိပ်ရန်အတွက် ခေတ်နောက်ကျလျက်ရှိသော၊ ဖိနှိပ်ထားသော ဥပဒေများ ကို ဆက်လက် အသုံးပြုနေခြင်းသည် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် လွပ်လပ်ခွင့်များကို ရာဇဝတ်မှုမြောက်စေပြီး နိုင်ငံတ ကာနှင့် ပြည်တွင်းဥပဒေများနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံသားများကို ဆန့်ကျင်လျက်ရှိသော ဖိနှိပ်ထားသည့် ဥပဒေများကို ရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုလျက်ရိုသော်လည်း အစိုးရမှ ဆောင်ရွက်ပေးခြင်းမရှိသေးပါ။ ၂၀၁၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အာဏာ လွှဲပြောင်းရယူပြီးကတည်းက နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်နှင့် ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသော အဖွဲ့များသို့ လွတ်လပ်စွာ ဝင်ခွင့်စသည်တို့အား ဆက်လက် ဖိနှိပ်ထားလျက်ရှိခြင်းကို အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှ ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
အောက်တိုဘာလ ၂ရ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တရားရုံးမှ ကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦးဖြစ်သော ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇(၁)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် စီ၊ ပို့ကုန်၊သွင်းကုန် အက်ဥပဒေ၊ ပုဒ်မ ၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ဦးဒွယ်ဒေါ့နောင်လတ်ကို ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ထပ်တိုး ပြစ်ဒဏ်ချမှတ်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ကို တပ်ရင်း ၉၉ မှ ဗိုလ်မှူး ကျော်မျိုးမင်းလတ်မှ ဖမ်းဆီးခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့နယ်၊ ခလရ ၁၂၃ တွင် တစ်လနီးပါးကြာ လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ ၂၀၁ရ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စစ်တပ်မှ ၎င်းတို့နှစ်ဦးအား ဖမ်းဆီး၊ထိန်းသိမ်းထားသည်ကို အတည်ပြုခဲ့ပြီး KIAကို ထောက်ပံ့ကူညီနေသည်ဟူသော ဝန်ခံလက်မှတ်နှင့်အတူ ၎င်းတို့ကို ရဲလက်သို့ လွှဲပြောင်းခဲ့သည်။ ထိန်းသိမ်းထားခံထားရစဉ်အတွင်း ၎င်းတို့သည် ကြိမ်ဖန်များစွာ စစ်ဆေးခြင်းခံခဲ့ရသည်။ ၎င်းတို့၏ရှေ့နေများမှ ဦးဒွယ်ဒေါ့ နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ကို ခြိမ်းခြောက်အကျပ်ကိုင်၍ ဝန်ခံခိုင်းခဲ့သည်ဟု ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မုံးကိုးမြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ဒေသခံများ၏ အခြေအနေများ၊ တပ်မတော်မှ လေကြောင်း အသုံးပြုဗုံးကြဲခြင်းများ ပြုလုပ် သဖြင့် ဘုရားကျောင်းများပျက်စီခဲ့ခြင်းများကို ၎င်းတို့သည် သတင်းထောက်များနှင့်တွေ့ဆုံခဲ့ကာ အမေး၊အဖြေပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် သတင်းဌာနများမှ အပျက်အစီးဓာတ်ပုံများကို ထုတ်ပြန်ရေးသားခဲ့ပြီးနောက် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်သည် ပျက်ပြယ်သွားခဲ့ပြီးနောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလျက် ရှိသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အတွက် ၎င်းတို့နှစ်ဦးသည် ဓာတ်ဆီများ သယ်ယူ ပို့ဆောင်ပေးခြင်း၊ သတင်း ပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ခြင်းတို့ ပြုလုပ်ကြောင်း စွပ်စွဲခံခဲ့ရကာ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
၂၀၁၆ ခုနှစ်တွင် မုံးကိုးမြို့နယ်၌ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ၎င်းတို့ နှစ်ဦးသည် KIA နှင့် ဆက်သွယ်သည်ဟူသော မည်သည့် အထောက်အထားမျှ မရှိခဲ့ပါ။ စစ်ဆေးမေးမြန်းစဉ်အတွင်း ခြိမ်းခြောက် အကျပ်ကိုင်ခံခဲ့ရကာ ဝန်ခံလက်မှတ်ရေးထိုးခဲ့ရပြီး ထိုဝန်ခံချက်ကို သက်သေအဖြစ် တရားရုံးတွင် အသုံးပြု၍ မရပါ။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR)၊ အပိုဒ် (၁၄)တွင် “ဥပဒေ၊ ရာဇဝတ်မှုနှင့် တရား မ စီရင်ထုံးများတွင် လူတိုင်းတရားဥပဒေ ရှေ့မှောက်တွင် တန်းတူညီမျှမှု ရှိသည်။ ခိုင်လုံသောထောက်အထားဖြင့် အပြစ်ရှိသည်ဟု စီရင်ချက် မချမချင်း ထိုသူတွင်အပြစ်မရှိ”ဟု ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံ၏ ဥပဒေတွင်လည်း အလားတူ ပြဋ္ဌာန်းထားသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ အပိုဒ် ၁၆၂(၁) နှင့် သက်သေခံ အက်ဥပဒေ၊ အပိုဒ် (၂၈) တို့တွင် “တရားသူကြီးရှေ့မှောက်တွင် ဝန်ခံထားသော ဝန်ခံချက်များကို လက်ခံရမည်ဖြစ်သော်လည်း စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ ရဲအရာရှိထံပေးသော မည်သူတစ်ဦးတစ်ယောက်၏ အစစ်ခံချက်ကိုမျှ တရားခွင်ကြားနာစစ်ဆေးမှုတွင် သက်သေအဖြစ် အသုံးမပြုရပါ”ဟု ပြဋ္ဌာန်းထားသည်။ ထိုမျှသာမက ညှင်းပန်းနှိပ်စက်မှုများကို တားဆီးနိုင်ရန်အတွက် AAPP မှ အစိုးရအား အမြန်ဆုံး လက်မှတ်ရေးထိုး အတည်ပြုရန် တိုက်တွန်းလျက်ရှိသော ညှင်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT)၊ အပိုဒ် (၁၅) တွင် “စာချုပ်အဖွဲ့ဝင်နိုင်ငံတိုင်းသည် ညှဉ်းပန်းနှိပ်စက်မှု၏ ရလဒ်အဖြစ် ဖော်ပြထားသည့် မည့်သည့် ထုတ်ပြန်ချက်ကိုမဆို ၎င်းထုတ်ပြန်ချက်အရ ညှဉ်းပန်းနှိပ်စက်သူဟု စွပ်စွဲခံရသူအား တရားစီရင်ရာတွင် သက်သေအဖြစ်မှလွဲ၍ အခြားမည်သည့် တရားစီရင်ရေးတွင်မှ သက်သေအဖြစ် ကိုးကားသုံးစွဲခြင်းမရှိစေရ” ဟု ပြဋ္ဌာန်းထား သည်။
ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအကြောင်းကို သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခြင်းနှင့် ကူညီခြင်းတို့အတွက် ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ကို ပုဒ်မ၁၇(၁)ဖြင့်တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ပဋိပက္ခဖြစ်ပွားရာဒေသရှိ ပြည်သူများအတွက် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အား ခြိမ်းခြောက်မှုှုဖြစ်သည်။ စစ်အစိုးရအဆက်ဆက်တွင် အတိုက်အခံပြုလုပ်၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ထောက်ပြခြင်းအားဖြင့် လူ့အခွင့်အရေး ပြည့်မီစေရန် တောင်းဆိုခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် တောင်းဆိုခြင်းများပြုလုပ်ခဲ့သော ရေတွက်၍ မရနိုင်သော နိုင်ငံသားများသည် စနစ်ကျစွာဖြင့် ဖိနှိပ်ခြင်းခံခဲ့ရသည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးအကျဉ်းသားများ ပို၍ နည်းပါးလာ သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း စုစုပေါင်းအရေအတွက်သည် ၇၀၀ဝ ကျော်ရှိသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပြုလုပ် လာသည်ဟု ထင်ရဟန်ရှိသော်လည်း ယခုအမှုသည် စစ်တပ်မှ ကျူးလွန်ခဲ့သော ဒဏ်ခတ်မခံရသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် စစ်တပ်၏ အာဏာ ထိန်းချုပ်ထားမှုအပေါ် ဖွင့်ဟပြောဆိုသော လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် သတိပေး နှိုးဆော်နေပြီး အလွန်အမင်း ဖိနှိပ်ထားမှုရှိနေဆဲဖြစ်သည်ကို ပြသလျက်ရှိသည်။
ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့အား ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ထားခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကို ဆန့်ကျင်လျက်ရှိသည်။ မီဒီယာများသို့ သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်းအတွက် ၎င်းတို့အား အပြစ်ပေးရန် စီစဉ်ခဲ့ခြင်း၊ မှားယွင်းစွာ တရားစွဲဆိုခဲ့ခြင်းတို့သည် ၎င်းတို့၏ အခွင့်အရေးများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် (၁၉) နှင့် အပိုဒ် (၂၀)၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အပိုဒ် (၃၅၄) တို့တွင် ဖော်ပြထားသော လူတိုင်းလွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်ရှိသည်တို့ကို ချိုးဖောက်လျက်ရှိသည်။ ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့သည် နိုင်ငံလုံခြုံရေးကို ကာကွယ်ပေးထားသည့် ဥပဒေများကို ဆန့်ကျင်ခဲ့ခြင်းမရှိ ၎င်းတို့ကို ထောင်သွင်းအကျဉ်းချထားခြင်းမပြုလုပ်သင့်ပါ။ ၎င်းတို့ကို မတရားဖမ်းဆီးခြင်း၊ ၂၆ ရက်ကြာ လျှို့ဝှက်စွာ ထိန်းသိမ်း ထား ခြင်းတို့သည် ၎င်းတို့၏ အခွင့်အရေးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ အပိုဒ် (၉) တွင် ပြဋ္ဌာန်းထားသော မည်သူ့ကိုမျှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ အပိုဒ် (၁၀) တွင် လူတိုင်း မျှတသော တရားစီရင်မှုခံခွင့်ရှိသည်တို့ကို ချိုးဖောက်လျက်ရှိသည်သာမက ပြည်တွင်းဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်းကို ပြသလျက်ရှိသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ အပိုဒ် (၆၀)၊ အပိုဒ် (၆၁) တို့တွင် ဝရမ်းမပါဘဲ ဖမ်းဆီးသည့်အခါ အကြောင်းမဲ့ကြန့်ကြာမှုမရှိဘဲ ဖမ်းဆီးထားသူကို ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးထံသို့ ခေါ်ဆောင်သွားရမည် သို့မဟုတ် ပို့အပ်ရမည်၊ ၂၄ နာရီအတွင်း တရားသူကြီးရှေ့မှောက်တွင် ရမန်ရယူရမည်ဟု ဖော်ပြထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အပိုဒ် (၃၇၆) တွင်လည်း “တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ” ဟု ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ Rome ဥပဒေ၊ အပိုဒ် (၈)တွင် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားသော အရပ်သားများကို ဆန့်ကျင်လျက်ရှိသည့် အကြမ်းဖက်မှုနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းသည် နိုင်ငံတကာ လူသားခြင်းစာနာသည့် ဥပဒေ (IHL) ဖြင့် တရားဝင်ခြင်း မရှိပါ။ ကျူးလွန်သူများ ၎င်းတို့လုပ်ဆောင်ခဲ့မှုများကို တာဝန်ခံစေရန် မှန်ကန်သော စုံစမ်းမေးမြန်းမှုများကို ပြုလုပ်သင့်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာသို့ သတင်းအချက်အလက်များကို ဖြန့်ဖြူးလျက်ရှိသော မရှိမဖြစ်အရေးပါသည့် မီဒီယာများ၏ကဏ္ဍ သည် သက်သေများကို ဒဏ်ခတ်ခံရမှု၊ အပြစ်ပေးခံရမှု (ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့၏ အမှုကဲ့သို့)မှ ကာကွယ် ပေးရမည်အပါအဝင် ပြည်သူများကို လွတ်လပ်စွာ သတင်းများပေးရန် လိုအပ်ပါသည်။
ထိုမျှသာမက ဦးဒွယ်ဒေါ့နောင်လတ်သည် တပ်မတော်မှ ရှမ်းပြည်နယ်တွင်း အရပ်သားများ နေထိုင်ရာ ဒေသများကို လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့သည့်အကြောင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗွီအိုအေသတင်းဌာနနှင့် အမေး၊ အဖြေပြုလုပ်ခဲ့ခြင်း အတွက် အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် တပ်မတော်၏ ထပ်တိုးတရားစွဲခြင်းကို ခံခဲ့ရသည်။ အသရေဖျက်မှုသည် ရှင်းလင်းတိကျမှုမရှိသော ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ကို ဦးဒွယ်ဒေါ့နောင်လတ်အား အပြစ်ပေးရန် ဖိနှိပ်ထားသော အခြားကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း ရှင်းလင်းစွာ မြင်တွေ့ နိုင်သည်။ လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်ကို အသုံးပြုခဲ့ခြင်းအတွက် ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့သည် ပို့ကုန်၊ သွင်း ကုန်အက်ဥပဒေ၊ ပုဒ်မ (၈)ဖြင့် တရားစွဲဆိုမှုသည် ၎င်းတို့၏ ပြစ်ဒဏ်များကို ကြာရှည်စွာ ပြုလုပ်ထားခြင်းဖြစ်သည်။
Human Rights Watch, Fortify Rights, Christian Solidarity Worldwide နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများမှ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းကို ကျယ်ပြန့်စွာ ဆန့်ကျင်လျက်ရှိစဉ်တွင် အောက်တိုဘာလ ၂ရ ရက်နေ့၌ ရန်ကုန်မြို့ရှိအမေရိကန် သံရုံးမှ ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်းကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ AAPP မှ အစိုးရအား ၎င်းတို့နှစ်ဦးအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းပါသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုအမ်းသားကြီး ခေါ် ကိုသန်းရွှေကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)(၂) ဖြင့် မြောက်ဦးမြို့မရဲစခန်းမှ မြတန်ဆောင်း ကျောင်းတိုက်တွင် ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံးတွင် ရမန်ယူ ကြားနာခဲ့စဉ်တွင်း ကိုအမ်းသားကြီးကို တရားစွဲဆိုခဲ့ပြီး စစ်တွေအကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဧပြီလ ၁ဝ ရက်နေ့တွင် ကျရောက်သော ရက္ခိုင့်တပ်မတော် (AA) တည်ထောင်သည့် ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၁၁ ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ္ပ္ပ၌ သူသည် “လွတ်လပ်ရေးမှအပအခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်းအတွက် မေလတွင်း တွင် ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရသည်။ အာဏာပိုင်များတားမြစ်နေသည့်ကြားက ကိုအမ်းသားကြီး ခေါ် ကိုသန်းရွှေမှ ထိုပွဲကိုဆက်လက် ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြောက်ဦးအခြေစိုက် ခမရ – ၅၄ဝ မှ တရားလိုပြုလုပ်ပြီး ကိုအမ်းသားကြီး ခေါ် ကိုသန်းရွှေကို မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ သည်။ ထိုအမှုသည် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ ရက္ခိုင့်တပ်မတော် တည်ထောင်သည့် ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲကိုဧပြီလ ၈ ရက်နေ့တွင်ဦးဆောင်ကျင်းပခဲ့ခြင်းအတွက် မတရားအသင်းအက်ဥပဒေ ၁၇(၁)(၂) ဖြင့် ဧပြီလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ဩဂုတ်လတွင်းတွင် ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရခြင်းနှင့် ဆက်စပ်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ နှစ်များစွာကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသူများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက်မှုများ ထပ်မံကျူးလွန်လာမည်ကို ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေရသကဲ့သို့ လူ့အခွင့်အရေးချိုး ဖောက်မှုများကို ထုတ်ဖော်ပြောခြင်းအတွက် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရှောင်လွှဲ၍မရသော ဆက်နွယ် မှုများအတွက် မတရားအသင်းအက်ဥပဒေကဲ့သို့သော ဥပဒေများဖြင့် တရားစွဲဆိုခံရခြင်းတို့ကို ကြောက်ရွံ့နေခြင်းကြောင့် နှစ်ကြိမ် ပြစ်ဒဏ်ပေးခံနေရသကဲ့သို့ဖြစ်နေသည်။ နောက်ထပ်ချိုးဖောက်မှုများကို ကာကွယ်ရန် နိုင်ငံတွင်း အခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် သတင်းအချက်အလက်များ ရရှိရမည်ဖြစ်သည်။ အစိုးရမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များတွင်ပါဝင်ခွင့်တို့ကို အားပေး မြှင့်တင်ရန် ဆန္ဒရှိလျှင် ထိုအခြင်းအရာများကို နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ပြည့်မီစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများ၏ သတင်းအချက်အလက်များကို လွတ်လပ်စွာ ဖြန့်ဖြူးရန် ခွင့်ပြုရမည်ဖြစ်သည်။
တတိယမြောက်အမှုတွင် အောက်တိုဘာလကုန်၌ မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇(၁)ကို နိုင်ငံသားများအား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွယ်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ရန် အသုံးပြုခဲ့သည်။
အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် တရားရုံးမှ တရားသူကြီး ဦးဇော်ဇော်ဦးမှ နမ့်ဆန်မြို့နယ်၊ ထမ်းမဆိုင်ရွာမှ အသက် (၁၄)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မိုင်းချိုမင်းထွေး(ခ) အိုက်ယန်း အား မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် မန္တလေးလူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် နှစ်နှစ် နေထိုင်ရန် အမိန့်ချမှတ် ခဲ့ပြီး ဒဏ်ငွေတစ်ထောင်ကျပ်ပါ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။ ထိုနေ့တွင်ပင် မြန်မာ့တပ်မတော် ခမရ (၇၇) မှ ဗိုလ်မှူး မြင့်မောင်မောင်စိုးက တရားလိုပြုလုပ်၍ မိုင်းချိုမင်းထွေး(ခ)အိုက်ယန်းအား နမ့်ဆန်မြို့နယ် တရားရုံးတွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ပြီး တရားသူကြီး ဦးဇော်ဇော်ဦးမှ နှစ်ဖက်သက်သေများအား စစ်ဆေး မေးမြန်းခြင်းမရှိဘဲ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီး ဦးဇော်ဇော်ဦးမှ မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် TNLA ၏ တပ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရပြီး လက်ရှိအချိန်တွင် TNLA ၏ တပ်သားအဖြစ်ပါဝင်ဆောင်ရွက်နေကြောင်း ဝန်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ တရားခွင် ကြားနာစစ်ဆေးမှုတွင် မိုင်းချိုမင်းထွေး (ခ) အိုက်ယန်း၏ မိခင်တစ်ဦးသာ တက်ရောက် နားထောင်ခွင့် ရရှိခဲ့သည်။ အောက်တိုဘာ လ ၅ ရက်နေ့တွင် မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် သူ၏ရွာမှ နမ့်ဆန်မြို့သို့ ပြန်လာစဉ် ညနေ ၅ နာရီဝန်းကျင်ခန့်၌ နမ့်ဆန်မြို့အဝင်တွင် သူ့အား ခြေမြန်တပ်ရင်း အမှတ် (၁၀၅) မှ ဗိုလ်ကြီးသူရထွန်း ဦးဆောင်သည့် အဖွဲ့မှ စစ်ဆေးခဲ့ပြီး TNLA စစ်ဝတ်စုံဝတ်ပြီ သေနတ် ကိုင်ထားသော ဓာတ်ပုံများကို သူ၏ဖုန်းအတွင်း၌ တွေ့ရှိသောကြောင့် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ သူ့အား ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း နှစ်ဆယ်ခန့်ကြာ နမ့်ဆန်မြို့ တပ်မတော် စခန်းကုန်းတွင် ချုပ်နှောင်ထား ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက် နေ့တွင် နမ့်ဆန်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် TNLA တပ်ဖွဲ့၏ ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရကာ TNLA တပ်သား ဖြစ် ခြင်းအတွက် လျှို့ဝှက်စွာ မတရားထိန်းသိမ်းခြင်း ခံခဲ့ရပြီး မျှတသော တရားစီရင်မှုနှင့် ပြစ်ဒဏ်ချမှတ်မှုကို မရရှိခဲ့ပါ။ ကလေး စစ်သားဖြစ်သည့်အတွက် နိုင်ငံတကာ လူသားခြင်းစာနာသည့် ဥပဒေ (IHL) ဖြင့် မိုင်းချိုထွေးသည် စစ်သားစုဆောင်းခြင်းမှ ကာကွယ်ခွင့်ရှိသည်ကို မြန်မာနိုင်ငံ၏ တရားရုံးများမှ နားလည် သဘောပေါက်ရမည်ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အစိုးရမှ လက်မှတ်ရေးထိုး အတည်ပြုခဲ့သော ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် အသက် ၁၅ နှစ် အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်းခြင်းမှ တားမြစ်ထားပြီး မြန်မာနိုင်ငံ၏ ဥပဒေတွင် ပို၍ တင်းကြပ်ထားကာ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်းခြင်းမှ တားမြစ်ထားသည်။
မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းသည် ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခြင်းခံခဲ့ရသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရ သူတစ်ဦးဖြစ်ကြောင်းကို မြန်မာနိုင်ငံ၏ တရားရုံးများမှ သိရှိနားလည်ရမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ သူ့ကို မတရား ထိန်းသိမ်းထားခြင်းနှင့် ဖိနှိပ်ထားခြင်းသည် တရားမျှတခြင်းမရှိသည်ကိုလည်း သိရှိနားလည်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင်း ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခဲ့ပြီး အခြားတစ်ဖက်မှ ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခြင်းသည် စစ်ရာဇဝတ်မှုများကျူးလွန်ခြင်းဖြစ်ပြီး သူသည် ပြည်တွင်းစစ်တွင်း ဓားစာခံ တစ်ဦးဖြစ်သည်။ မိုင်းချိုမင်းထွေး(ခ) အိုက်ယန်းအား စွဲဆိုထားသော စွဲချက်များကို ခြွင်းချက်မရှိ အမြန်ဆုံး ရုပ်သိမ်းသင့်ပြီး သူ၏ မိသားစု နှင့် အသိုင်းအဝိုင်းတွင်း ပြန်လည် နေထိုင်ရန် ခွင့်ပြုရမည်ဖြစ်သည်။
၁၉၀၈ ခုနှစ်၊ မတရားအသင်းအက်ဥပဒေသည် ထိုအချိန်က ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်သူများအား ဖိနှိပ်ရန် ပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင်း ပါဝင်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် နေထိုင်ကြသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များကို မတရား ဖမ်းဆီး၊ ထိန်းသိမ်း၊ အကျဉ်းချရန်အတွက် ထိုဥပဒေအား ဆက်လက် အသုံးပြုလျက်ရှိသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့်သည် ဆန္ဒပြရန် ထွက်ခွာခြင်းမပြုမီ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တာမွေမြို့နယ်ရဲစခန်းမှ ဖမ်းဆီး၊ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ထိုဆန္ဒပြပွဲအတွက် အောက်တိုဘာ လ ၂၁ ရက်နေ့တွင် ဦးမိုက်ကယ်ကျော်မြင့်သည် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းမှ ဦးမိုက်ကယ်ကျော်မြင့်အား အမှုဖွင့်ခဲ့ခြင်းသည် ၎င်းမှ လူမှုကွန်ရက်စာမျက်နှာ၌ မည်သည့် ရည်ရွယ် ချက်ဖြင့် ဆန္ဒထုတ်ဖော်မည်ကို ရေးသားခဲ့ခြင်းနှင့် ဆက်နွယ်နေသည်ဟု ထင်ရပါသည်။ အောက်တိုဘာလ ၂၄ ရက်နေ့တွင် သူသည် တာမွေမြို့နယ်တရားရုံး၌ ရမန်ယူခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။
တရားမဝင်သော မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်မီ ဦးမိုက်ကယ်ကျော်မြင့်အား မတရား ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းသည် ဖွင့်ဟပြောဆိုခြင်းမှ ရပ်တန့်သွား စေရန် ကြိုးပမ်းခြင်းဖြစြ်ပီး သူ၏ အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ ထင်မြင် ယူဆခွင့်နှင့် ထုတ်ဖော်ခွင့်တို့ကို ချိုးဖောက်ခြင်းဖြစ်သည်။ ပြည်သူများမှ ဝေဖန်ခြင်းသည် ၎င်းတို့ရွေးကောက်ထားသော ကိုယ်စားလှယ်များကို ဒီမိုကရေစီစနစ်၏ ပြီးပြည့်စုံသော တစ်စိတ်တစ်ပိုင်း ဖြစ်စေရန်ရည်ရွယ်သည်။ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရများသည် ဝေဖန်မှုများကို သေချာစွာ သုံးသပ်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်နှင့် ထင်မြင့်ယူဆခွင့်တို့အပါအဝင် နိုင်ငံသားများ၏ အခွင့်အရေးများကို လေးစား လိုက်နာခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ဒီမိုကရေစီ အသိုင်းအဝိုင်း တန်ဖိုးကို လေးစားရမည်ဖြစ်သည်။
ဖိနှိပ်ထားသော ဥပဒေများကို အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ဝေဖန်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ထောင် သွင်းအကျဉ်းချခြင်းအားဖြင့် အပြစ်ပေးရန် ဆက်လက် ခွင့်ပြုခြင်းဖြစ်ပြီး နိုင်ငံသားများ၏ ထုတ်ဖော်ပြောဆိုမှုများကို ပို၍ ဖိနှိပ်ထား ခြင်းဖြစ်သည်သာမက အောင်မြင်မှုရရှိရန် ကြိုးပမ်းနေသော အရပ်သားအစိုးရ၏ ဆောင်ရွက်ချက်များနှင့် ဆန့်ကျင်ကွဲလွဲလျက်ရှိ သည်။
အသရေဖျက်မှုကို ရာဇဝတ်မှုမြောက်စေသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ကို ရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင် ဖြည့်စွက်ပါရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ ထိုဥပဒေ၌ တိကျမှန်ကန်သော အသရေဖျက်မှု အဓိပ္ပာယ် သတ်မှတ်ချက် မရှိသောကြောင့် အတိုက်အခံများအား ဖိနှိပ်ရန် ထိုဥပဒေကို လက်နက်သဖွယ် မကြာခဏအသုံးပြု လျက်ရှိသည်။ အခြား ဒီမိုကရေစီ ဆောင်ရွက်ချက် (ဖော်ပြချက်)များအနေဖြင့် အသရေဖျက်မှုအား တရားမမှုဆိုင်ရာ တရားစွဲ ဆိုမှုဖြင့်သာ ဖြေရှင်း သင့်ပြီး တိကျသော သတ်မှတ်ချက်ရှိသည့် အသရေဖျက်စင်စစ်သည် မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်ကိုမျှ ဖြတ်တောက်နိုင်ခြင်းမရှိပါ။
ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခြင်းခံရစဉ်က အတွေ့အကြုံများအကြောင်းနှင့် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရစဉ်က ကြုံတွေ့ ခဲ့ရသော အကျဉ်းထောင်တွင်း အတွေ့အကြုံများကို ဩဂုတ်လတွင်း လွတ်လပ်သော အာရှအသံ (RFA) သို့ အင်တာဗျူး ဖြေကြားခဲ့သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅(ခ) စွဲချက်ဖြင့် တရားရင်ဆိုင်နေရသော ကလေးစစ်သား ဟောင်း ကိုအောင်ကိုထွေးသည် အောက်တိုဘာအတွင်း၌ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ရုံးချိန်း သုံးချိန်းတက်ရောက်ခဲ့သည်။ သို့ သော်လည်း ရုံးချိန်းသုံးချိန်းလုံးတွင် တရားသူကြီးသစ်ရောက်ရှိလာခြင်းမရှိသေးသောကြောင့် တွဲဘက်တရားသူကြီး (၁) မှ သူ၏ အာမခံလျှောက်ထားမှုအား ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ပါ။ အာမခံပေးခြင်းကဲ့သို့သောကိစ္စများတွင် တရားသူကြီးများမှ အာမခံ ဆုံးဖြတ် ရန်အပါအဝင် တရားရုံးမှ ကိုအောင်ကိုထွေးအား မျှတသော တရားစီရင်မှုပေးရန် ပျက်ကွက်ခြင်းသည် မြန်မာနိုင်ငံ တရားရေး စနစ်အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ထင်ဟပ်မှုကို ဖြစ်စေပါသည်။
တိုက်ဆိုင်မှုရှိစွာ အောက်တိုဘာလတွင်းတွင် ဥပဒေအထောက်အကူပြုအဖွဲ့ဖြစ်သော Justice Base အဖွဲ့မှ “မျှတသော တရားခွင် ကြားနာ စစ်ဆေးမှုဆိုင်ရာ အခွင့်အရေးများကို မြန်မာနိုင်ငံက လေးစားလိုက်နာမှုကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးများနှင့် ခရိုင်တရားရုံးတို့တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ့အတွင်းနှင့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်အတွင်း Justice Base မှ ပြုလုပ်ခဲ့သော လေ့လာစောင့်ကြည့်ခဲ့မှုများမှ ရရှိလာသော တွေ့ရှိချက်များကို အခြေခံထားပြီး တရားပြိုင်များ၏ တရားခွင် တရားစစ်ဆေးမှုတွင်း များစွာသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ထားခဲ့သည်။ အထူးသဖြင့် အမှုပေါင်း ၁၅၅ မှုကို လေ့လာထားပြီး ထိုအမှုများသည် ခုခံချေပမှု ရရှိပိုင်ခွင့် အခွင့်အရေး၊ ခုခံချေပမှုကို ပြင်ဆင်ရန်အတွက် လုံလောက်သော အချိန်နှင့် ပံ့ပိုးပေး မှုများ ရရှိပိုင်ခွင့် အခွင့်အရေး၊ မလျောက်ပတ်သော ကြန့်ကြာမှုများ မရှိဘဲ ကြားနာမှု ရရှိပိုင်ခွင့် အခွင့်အရေး၊ စွမ်းရည် ပြည့်ဝ၊ အမှီ ခိုကင်း လွတ်လပ်ပြီး သမာသမတ်ကျသော တရားရုံးတွင် ကြားနာ စီရင်မှု ရရှိပိုင်ခွင့် အခွင့်အရေး၊ အများပြည်သူရှေ့မှောက် ကြား နာမှု ရရှိပိုင်ခွင့် အခွင့်အရေးတို့ ရရှိခြင်း ရှိ၊ မရှိတို့ကို ထိုအစီရင်ခံစာမှ သုံးသပ်ဖော်ပြထားသည်။ Justice Base အဖွဲ့ လေ့လာခဲ့သော အမှုများအားလုံးတွင် ထိုအခွင့်အရေး ငါးချက်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမရှိပါ။ ကိုအောင်ကိုထွေး၏ အမှုနှင့် ဆက်စပ်လျှင် တရားခွင် ကြားနာစစ်ဆေးမှုများကို မျက်မြင်သက်သေ များ၊ အထူးသဖြင့် ရဲအရာရှိများ လာရောက် ရန် ပျက်ကွက်ခဲ့သောကြောင့် မကြာခဏ ရွှေ့ဆိုင်းခဲ့ရပြီး အကျိုးဆက်အနေဖြင့် အမှုရင်ဆိုင်ရမှု ကြာရှည်သွားသည်ကို Justice Base အဖွဲ့မှ တွေ့ရှိခဲ့သည်။ အမှုတစ်မှုတွင် တရားသူကြီးမှ ကြားနာစစ်ဆေးမှုနှင့် ဆက်စပ်မှုမရှိသော တတိယပုဂ္ဂိုလ်နှင့် စကားပြောခြင်း၊ အမှုငါးမှုတွင် တရားသူကြီးများမှ ဖုန်းစကားပြောဆိုခြင်း၊ အမှုရှစ်မှုတွင် တရားသူကြီးများမှ အမှုအား စိတ်ဝင်စားပုံမရှိခြင်း၊ အမှုတစ်မှုတွင် တရားသူကြီးမှ ကြားနာမှုတွင်း အိပ်နေခြင်း၊ အနည်းဆုံး လေ့လာမှုဆယ်ခုတွင် တရားသူကြီးများမှ ကြားနာမှုကို တက်ရောက်ခြင်းမရှိခြင်း၊ အမှုတစ်ခုတွင် တရားသူကြီးမှ ကြားနာမှုကို တစ်ပြိုင်တည်း သုံးကြိမ်ခွဲစစ်ခြင်းနှင့် အမှု ၃၅ မှုတွင် တရားသူကြီးများမှ သမာသမတ်ကျခြင်းမရှိခြင်းတို့ကို လေ့လာသူများက အစီရင်ခံတင်ပြခဲ့သည်။
AAPP မှတ်တမ်းပြုနေသော အမှုများကို အခြေခံ၍ တရားပြိုင်များ မျှတသော တရားခွင် ကြားနာ စစ်ဆေးမှု ရရှိရန် (အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အမှုများ) မြန်မာနိုင်ငံတရားရေးစနစ်၏ ချို့ယွင်း အားနည်းချက်များနှင့် လုံလောက်မှုမရှိမှုများ အကြောင်းကို လက်ရှိ နိုင်ငံရေး အကျဉ်းသား များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ စုဆောင်းထားသော ဖြစ်စဉ်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သော Justice Base အစီရင်ခံစာမှ အတည်ပြုခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရား ရေးဆိုင်ရာ ဌာနကို ဖျက်သိမ်းခဲ့ပြီးကတည်းက မြန်မာနိုင်ငံသည် လွတ်လပ်သော၊အမှီအခိုကင်းသော တရားရေးစနစ်မရှိခဲ့ပါ။ ပို၍ကောင်းသော ဒီမိုကရေစီသို့ ကူးပြောင်းမှုရှိစေရန် အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ဌာနခွဲများကြား အာဏာများ ကို သီးခြားစီထားရှိရန် AAPP မှ အစိုးရအား တိုက်တွန်းပါသည်။ ထိုမှသာလျှင် တရားပြိုင်များ မျှတသော တရားခွင် ကြားနာ စစ်ဆေးခွင့်၊ အထူး သဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြစ်ဒဏ်ချမှတ်ခဲ့သော အမှုများတွင် အစိုးရ၏ အုပ်ချုပ်ရေးဌာနမှ လွန်စွာ လွှမ်းမိုးလျက်ရှိ သည်။
အစိုးရဟောင်းများ လက်ထက်တွင် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများအတွက် လျော်ကြေးရရှိခြင်းမရှိသေးသော လယ်သမား များနှင့် ရွာသားများ၏ ဆန္ဒထုတ်ဖော်မှုများသည် အောက်တိုဘာလတွင်းတွင် အနည်းငယ် တိုးလာသည်ကို AAPP မှ လေ့လာ တွေ့ရှိခဲ့သည်။ လယ်သမားများ နှင့် ရွာသားများသည် ၎င်းတို့၏ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရန်အတွက် တောင်းဆို ဆန္ဒထုတ်ဖော်မှုများ၊ အစားထိုးလယ်ယာမြေ သို့မဟုတ် လျော်ကြေးရရှိရန် ဆန္ဒထုတ်ဖော်မှုများသည် စက်တင်ဘာလ နှင့် နှိုင်းယှဉ်လျှင် ပို၍ များလာသည်ကိုလည်း တွေ့ရှိရသည်။
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြုလုပ်ရန် ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့မှ သိမ်းယူခဲ့သော လယ်ယာမြေ များအတွက် ဒေသခံ လယ်သမားများနှင့် ရွာသားများသည် အောက်တိုဘာလတွင်းတွင် အနည်းဆုံး ဆန္ဒပြပွဲ သုံးကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းတို့သည် ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ အစားထိုး မြေဧက ၁၉၀ဝ ကို ဖော်ထုတ်ပေးရန် တောင်းဆို ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ လယ်သမား ၂၆ ဦးသည် ၎င်းတို့၏ သိမ်းဆည်းခံထားရသော လယ်ယာမြေ များအတွက် လျော်ကြေးရရှိရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံထားရမှုများ ပြန်လည် စိစစ်ရေး ဗဟို ကော်မတီထံသို့အောက်တိုဘာလ ၈ ရက်နေ့တွင် စာပေးပို့ တောင်းဆိုခဲ့သည်။ ၁၉၉ဝ ခုနှစ်တွင် ကလေးတက္ကသိုလ် တည်ဆောက်ရန်အတွက် လယ်ယာမြေ ၇၃.၄၅ ဧကကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့သည်။
- အောက်တိုဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊တောင်တော်ကျေးရွာအုပ်စု၊ ကျောက်ဖျာရွာမှ ဒေသခံ တောင်သူများသည် မန္တလေး၊ မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ သိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် မျှတသော လျော်ကြေးငွေရရှိရန် တောင်းဆိုခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် အစိုးရမှ တောင်သူ ၉၃ ဦးပိုင်ဆိုင်သော လယ်ယာမြေဧက လေးရာကျော်ကို ဘိလပ်မြေစက်ရုံ သုံးခု တည်ဆောက်ရန် သိမ်းဆည်းခဲ့သည်။ လယ်ယာမြေသိမ်းဆည်း ခံထားရသည့် ဒေသခံတောင်သူများအား နစ်နာကြေး ပေးလျော်ခဲ့သော်လည်း ကျေနပ်မှုမရှိသည့် တောင်သူများကို ကျောက်ဆည်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လျော်ကြေးငွေလက်ခံရန် သို့မဟုတ် တရားရင်ဆိုင်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။ လက်ရှိတွင် လယ်ယာမြေ သိမ်းဆည်း ခံထားရသည့် တောင်သူ စုစုပေါင်း ၉၃ ဦးအနက် တောင်သူ ၁၂ ဦးမှာ မြေယာလျော်ကြေးငွေ ရယူထားခြင်း မရှိသေးဘဲ ကာလပေါက် ဈေးအတိုင်း ပေးလျော်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
- တနင်္သာရီတိုင်းဒေသကြီးမှ ဆန္ဒပြသူ နှစ်ရာ ကျော်ခန့်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး သုံးဦးအား နှုတ်ထွက် ပေးရန်အတွက် အောက်တိုဘာလ ၁၈ ရက်နေ့တွင် တောင်းဆိုဆန္ဒပြရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ထိုနေ့တွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ဆန္ဒပြရာတွင် ကိုင်ဆောင်မည့် ပိုစတာများသည် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ကျဆင်း စေသည့် စာသားများပါဝင်သည်ဟုဆိုကာ ဖြုတ်ခိုင်းခဲ့သည့်အတွက် ဆန္ဒပြပွဲအား လူစုပြီးမှ ပြန်လည် ရုပ်သိမ်းခဲ့သည်။ ၁၉၉ဝ ခုနှစ် ကတည်းက အစိုးရမှ ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း အတွင်းရှိ လယ်ယာမြေဧက ၃၅ဝ ကျော်ကို သိမ်းယူခဲ့သည်။ သိမ်းယူထားသော လယ်ယာမြေများ အတွက် လျော်ကြေးမယူခဲ့သော လယ်သမား ခုနှစ်ဦးကို နစ်နာကြေးပေးရမည်ဟု တိုင်းဒေသကြီးအစိုးရမှ စက်တင်ဘာလ ၁ရ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သော်လည်း ကျေလည် အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိ၍ ဆန္ဒပြသူများမှ ဝန်ကြီးများကို ရှုံ့ချခဲ့သည်။ ထိုလယ်ယာမြေကိစ္စ ကြောင့် လက်ရှိတွင် လယ်သမား ၂ဝ ဦးခန့်သည် တရားစွဲဆိုခြင်းခံထားရပြီးဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင် မရီရီထွေးမှ ပြောကြားခဲ့သည်။
- အောက်တိုဘာလ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂ဝ မှ ဒေသခံတောင်သူ ၃၀ဝ ကျော်သည် ဖမ်းဆီးခံတောင်သူများ ပြန်လည်လွှတ်ပေးရေး၊ မတရားစွပ်စွဲ၍ တရားစွဲဆိုနေမှုများကို ရပ်တန့်ပေးရေးနှင့် သိမ်းဆည်းခံလယ်ယာမြေများတွင် လုပ်ကိုင်ခွင့် ပြန်လည်ရရှိရေး တို့အတွက် ပြင်ဦးလွင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။ ပြင်ဦးလွင် မြို့နယ်၊ စေတလုံးကျေးရွာမှ တောင်သူဦးမြင့်နိုင်မှ စေတလုံး ကျေးရွာတစ်ရွာ၌တင် တရားစွဲခံနေကြရသော တောင်သူ ၁၀ဝ ခန့်ရှိသည်ဟု ပြောကြားခဲ့သည်။ စီမံကိန်း အကောင်အထည် ဖော်ခြင်းမရှိသော သိမ်းဆည်း လယ်ယာမြေများပေါ်တွင် စိုက်ပျိုးမြေမရှိသောကြောင့် ဝင်ရောက်စိုက်ပျိုးသော တောင်သူအချို့သည် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံခဲ့ကြရသည်။
သိမ်းဆည်းခံထားရသော လယ်ယာမြေများအတွက် လျော်ကြေးပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကို ယခုလ ဆန္ဒထုတ်ဖော်မှု များမှ ထင်ရှားစွာ မြင်တွေ့နိုင်သည်။ အဘယ်ကြောင့်ဆိုသော် နေရာမဲ့ဖြစ်နေသော၊ စီးပွားရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသော ရာပေါင်းများစွာသော လယ်သမားများနှင့် ရွာသားများသည် တရားမျှတမှုရရှိရန် ဆက်လက် တောင်းဆို၊ ဆန္ဒထုတ်ဖော်နေခြင်း ကြောင့်ဖြစ်သည်။ ထို့ကြောင့် အစိုးရမှ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးကိစ္စများကို ချက်ချင်း ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး သိမ်းဆည်းလယ်ယာမြေအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သောကြောင့် အကျဉ်းကျခံနေရသော လယ်သမားများ ကို အမြန်ဆုံးလွှတ်ပေးရန်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် တရားမဝင် လယ်ယာမြေ သိမ်းဆည်းခံ ရခြင်းအတွက် လယ်သမားများကို နစ်နာကြေးပေးရန် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲစည်းရုံးမှုတွင် ကတိပြုထားမှုကို ဖြည့်ဆည်းရမည် ဖြစ်သည်။
လယ်ယာမြေ သိမ်းဆည်းမှုများသည် စစ်အစိုးရဟောင်းများလက်ထက်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းလာ သော်လည်း လက်ရှိအစိုးရလက်ထက်တွင်လည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ ဖြစ်ပွားလျက်ရှိခြင်းကို အဆုံးသတ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အပိုဒ် (၃၇) တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်၊ လေထုအတွင်းရှိ သံယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်” ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်ကို အစိုးရမှ ပြင်ဆင် ဖြည့်စွက်သင့်ပါသည်။
အကျဉ်းသားများအား ချိုးဖောက်မှု ဖြစ်စဉ်များနှင့် လုံလောက်မှုမရှိသော အကျဉ်းထောင်အခြေအနေများသည် အောက်တိုဘာ လ အတွင်းတွင်လည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ထိုအခြင်းအရာများမှ အကျဉ်းထောင်များတွင်း ဖြစ်ပွားလျက်ရှိသော လူ့အခွင့် အရေးချိုးဖောက်မှုများကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် အလွန်လိုအပ် လျက်ရှိသည်ကို ပြသလျက်ရှိသည်။ ပို၍ တင်းကျပ်ခြင်းအားဖြင့် ပြည်သူများသိရှိခြင်းမရှိသော အကျဉ်းထောင်များအတွင်း ဖြစ်ပွားလျက်ရှိသည့် လူ့အခွင့် အရေးချိုးဖောက်မှုများမှ အကျဉ်းသားများကို ကာကွယ်ရန် အလွန် လိုအပ်လျက်ရှိပြီး နိုင်ငံတကာ ဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအပေါ် ပြုမှုဆက်ဆံမှုကို ပို၍ ရှင်းလင်းသော နည်းဥပဒေများရှိရန်လည်း အလွန် လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်မှ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများကို ပံ့ပိုးမှုပေးနိုင်မည့် အခြေခံဝန်ဆောင်မှုများ မရှိခြင်းနှင့်အတူ သတ်မှတ်ထားသည့် ပမာဏထက် အကျဉ်းသား အရေအတွက် ပြည့်ကျပ်နေခြင်းသည် အဓိက လူ့အခွင့်အရေးဆိုင်ရာ ပြဿနာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အကျဉ်းသားဦးရေ တစ်ထောင်သာ ဆန့်သည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ အကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၂၈၀ဝ ကျော် ရှိနေသည်ကို ကော်မရှင်၏ တွေ့ရှိချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော တွေ့ရှိချက်များကို ထုတ်ဖော်ခြင်းအတွက် AAPP မှ MNHCR ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြု ချီးမွမ်းပါသည်။ ၎င်းတို့၏ မကြာသေးမီက ထုတ်ပြန်ချက်သည် AAPP ၏ အကျဉ်းထောင်တွင်းအခြေအနေများကို သုတေသနပြုထားမှုနှင့် မှတ်တမ်းပြုထားမှုကို ထင်ဟပ်စေပြီး အကျဉ်းသားကို ထိခိုက်စေသော အရေးပေါ်ပြဿနာဖြစ်သည့် အကျဉ်းထောင်တွင်း လူဦးရေပြည့်ကျပ်နေခြင်းကို ချက်ချင်း အာရုံ စိုက်လုပ်ဆောင်ရန် လိုအပ်နေသည်ဟူသော AAPP ၏ အကြံပြုချက်ကိုလည်း ထင်ဟပ်စေပါသည်။
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ဥပဒေသစ်ရေးဆွဲနေချိန်တွင် ဥပဒေပြုအမတ်များသည် ပြုပြင်ပြောင်းလဲရေးအတွက် ကမာ္ဘ့ကုလသမဂ္ဂ၏ အကျဉ်းသားများကို ပြုမှုဆက်ဆံမှု အနိမ့်ဆုံး စံချိန်စံညွှန်းများ (SMRs) ကို လမ်းညွှန်မှုတစ်ခုအဖြစ် ကြည့်သင့်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုစနစ်တွင် နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်ရန် ကူညီပေးမည့် ဥပဒေများဖွဲ့စည်းရာတွင် လမ်းညွှန်မှုပေးနိုင်သော နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ICCPR) ကဲ့သို့ နိုင်ငံတကာ သဘောတူစာချုပ်များကိုလည်း ပို၍ လိုက်နာသင့်သည်။
အောက်တိုဘာလအစီရင်ခံစာတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက် ချိုးဖောက်ခံနေရခြင်းနှင့် နိုင်သားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသားအခွင့် အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန် အတွက် ဖိနှိပ်ထားသောဥပဒေများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။ ထိုသို့ ပြင်ဆင်ဖြည့် စွက်ခြင်းအားဖြင့် အမျိုးသား ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပါ သည်။ ထိုမျှသာမက အစိုးရအား လက်ကျန် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်လည်း တိုက်တွန်းပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဦးတိတ်နိုင်အတွင်းရေးမှူး +၉၅(၀) ၄၂၈ ၀၂၃ ၈၂၈
ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၄၂၅ ၃၀၈ ၈၄၀
ဦးအောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈
တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် October MiR (Burmese)
လစဉ်အစီရင်ခံစာဒေါင်းလော့ရယူရန် October Chronology (Burmese )
လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် October Newsletter (Burmese)
လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းဒေါင်းလော့ရယူရန် 46 remainging PPlist burmese Updated on Aug 31, 17
အမှုရင်ဆိုင်နေရဆဲစာရင်းဒေါင်းလော့ရယူရန် October 176 facing trial list (burmese)on Oct 30, 17 (Updated)
၆၆(ဃ) စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated