၂၀၂၆၊ ဇွန် တလတာအနှစ်ချုပ်အစီရင်ခံစာ
၂၀၂၆၊ ဇွန် ၁ ရက်မှ ၃၀ ရက်ထိ
ဇူလိုင်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၁၁) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၇၀) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၉) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၈၂) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
ပြည်သူရွေးချယ်ထားပြီး ကုသမဂ္ဂကတရားဝင် အသိအမှတ်ပြုထားတဲ့ မတရားဖမ်းဆီးခြင်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးကြတာနဲ့ပတ်သက်ပြီး နှင်းဆီပန်းပန်တဲ့သူတွေကိုသာမက နှင်းဆီပန်းရောင်းသူကိုပါ မတရားဖမ်းဆီးနေတဲ့သူတွေက မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ပေးမယ်ဆိုပြီးပြောတဲ့ စကားကို မြန်မာပြည်သူအများစုက မယုံကြည်ကြပါ။ ဒါပေမယ့်လည်း အိမ်နီးချင်းနိုင်ငံကြီးများနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကတော့ စစ်အုပ်စုရဲ့ကတိတွေကို လက်ခံပေးဖို့ သူတို့အကျိုးစီးပွါးအတွက် ကုလသမဂ္ဂမှာ စည်းရုံးပြောဆိုနေတာတွေ ရှိနေပါတယ်။ သူတို့ဟာ နေ့တဓူဝ မြန်မာပြည်သူတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်နေတာကိုတော့ မျက်ကွယ်ပြုနေကြပါတယ်။ စစ်အုပ်စုနဲ့ ထိုက်တန်တဲ့နေရာက နိုင်ငံတကာ ရာဇဝတ်တရားရုံးပါ။ သူတို့ဟာ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်နေသူပါ။
ဦးဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)



