မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးအကျပ်အတည်း

 

ဇူလိုင် ၁ ရက်၊ ၂၀၂၆

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို လုယူပြီးနောက် မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ထိုပဋိပက္ခများ၏ အကျိုးဆက်ကို အရပ်သားပြည်သူများ၊ အထူးသဖြင့် ကလေးသူငယ်များက အချိုးမညီစွာ ခံစားခဲ့ရသည်။ ကလေးသူငယ်များသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ ပညာသင်ကြားခွင့် ဆုံးရှုံးရခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရရှိခြင်းတို့ကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ကျေးရွာများအား စီးနင်းဖျက်ဆီးမှုများနှင့် အရပ်သားနေရာများအပေါ် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ထို့ပြင် စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အဦများနှင့် အရပ်သားများ ခိုလှုံနေသော နေရာများအပေါ် တိုက်ခိုက်မှုများ တိုးမြင့်လာခြင်းက ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံမှုရရှိခွင့်၊ ပညာသင်ကြားခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ လုံခြုံရေးအခြေအနေ ဆိုးရွားလာမှု၊ ကျောင်းများပိတ်ထားရမှုနှင့် တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် သန်းနှင့်ချီ၍ ပညာသင်ကြားမှုမှ အနှောင့်အယှက်များနှင့် ကြုံတွေ့ခဲ့ရပြီး နိုင်ငံတဝှမ်းရှိ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများသည် စနစ်တကျ ထိခိုက်လျက်ရှိသည်။

ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော ဖြစ်စဉ်များသည် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ် (CRC) တွင် အာမခံထားသော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံရခွင့်နှင့် ပညာသင်ကြားခွင့်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေခဲ့ကြောင်း ဖော်ပြနေသည်။ ထို့ပြင် အဆိုပါဖြစ်စဉ်များသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (OPAC) နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) တို့တွင် ပြဋ္ဌာန်းထားသော စံနှုန်းများကိုလည်း ပြင်းထန်စွာ ချိုးဖောက်နေကြောင်း တွေ့ရှိရသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးအကျပ်အတည်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာသာမက တာဝန်ယူတာဝန်ခံမှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်မှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေသော လူ့အခွင့်အရေးဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ပြီး၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်သူအားလုံး၏ အရေးတကြီး အာရုံစိုက်ဆောင်ရွက်မှုနှင့် တာဝန်ယူမှုများ လိုအပ်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩

အစီရင်ခံစာရယူရန် – The Child Rights Crisis in Myanmar_Burmese