စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၉၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၁၇၀) ဦး ရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၃၁၃) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ ဒေသအသီးသီးတွင် အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၉ ရက်နေ့က ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သလို၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို ဇွန်လ ၉ ရက်နေ့ကစတင်ကာ သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာ သုံးရွာမှ နေအိမ်ရာနှင့်ချီ၍ မီးလောင်ပျက်စီးခဲ့သည်။
ထို့ပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ မကျီးစင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူအများအပြားကို ဖမ်းဆီးကာ ထိုအထဲမှ ပြည်သူ တဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး နှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါနေ့ရက်တွင်ပင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပေါက်တော(အနောက်)ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူသုံးဦး သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

