⁩ ⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇွန် ၈ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၈၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၁၂၁) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၉၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၇) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိရာ ဇွန်လ ပထမပတ်အတွင်း အေအေပီပီ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အရပ်သားပြည်သူ (၃၂) ဦး သေဆုံးခဲ့သည်။ ဇွန်လ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေလင်းပင်ဘုန်းကြီးကျောင်း၊ ဇွန်လ ၄ ရက်နေ့က ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ တိုက်နယ်ဆေးရုံ၊ ဇွန်လ ၅ ရက်နေ့က မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ရှိ သရက်ကောင်းပင် ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ သလို ကျောင်းသားများအပါအဝင် ပြည်သူများ ထိခိုက် သေဆုံးခဲ့သည်။

တဖက်တွင်လည်း စစ်အုပ်စုက အရပ်သားများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးလျက်ရှိရာ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦးအား သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၇၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။ ထိုကဲ့သို့ ဘာသာရေးအဆောက်အဦများ၊ ကျန်းမာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အရပ်သားများအပေါ် ကျူးလွန်သည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩