စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၅၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၀၃၀) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၄၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၈၁) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မှ မေလ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၎င်းတို့၏တရားဝင် ထိန်းသိမ်းရေးစခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁၃၇) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသမီး (၃) ဦး၊ အမျိုးသား (၄၀) ဦးနှင့် LGBT (၁) ဦး၊ အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၃၄) ဦးနှင့် အမျိုးသား (၁၆၄) ဦး၊ စုစုပေါင်း (၃၈၃) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်နေ သက်သက်မာ (ခ) မိသက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ရိက္ခာများထောက်ပံ့ပေးခြင်း၊ အလှူငွေများကောက်ခံပေးခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုထံသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့ခြင်းများ ရှိခဲ့သည်ဟုစွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့သည်။ ထို့နောက် ၎င်းအား ရာဇသတ်ကြီးဥပဒေပုဒ်မနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၂၀ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးနောက် ထောင်သို့ပြောင်းရွှေ့ခြင်းမပြုဘဲ တန့်ဆည်ရဲစခန်းအချုပ်၌သာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ သူသည် ရဲစခန်းအချုပ်အတွင်း၌ သွေးလေးဘက်နာရောဂါကို ခံစားနေခဲ့ရသူဖြစ်ပြီး ဆေးကုသခွင့်တောင်းခံခဲ့သော်လည်း မရရှိခဲ့သဖြင့် ရောဂါပိုမို ပြင်းထန် လာသောကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် အဆိုပါရဲစခန်းအချုပ်အတွင်း၌ပင် သေဆုံးခဲ့သည်ကို မိသားစုဝင်များအား အကြောင်းကြားခဲ့သော်လည်း ၎င်း၏ရုပ်အလောင်းအား မိသားစုထံသို့ ပြန်ပေးခဲ့ခြင်းမရှိပါ။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

