စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၄၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၉၆) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၂၉) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၄) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံဒေသအချို့တွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူများ သေဆုံးမှုနှင့် ထိခိုက်နစ်နာမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ မေလဆန်းမှစတင်၍ ယခင်သီတင်းပတ်များအထိ လေကြောင်း၊ လက်နက်ကြီးနှင့် နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၆၀) ဝန်းကျင်သေဆုံးခဲ့ကြောင်း အေအေပီပီအနေဖြင့်အတည်ပြုနိုင်ခဲ့သည်။
မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးတလုံးသည် ဆွမ်းစားကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့သည်။ ထို့အပြင် မေလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲ့ဘောခီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတဦး သေဆုံးခဲ့သည်။ အလားတူ မေလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာကို ဗျူဟာကုန်းရှိ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၂ နှစ်အရွယ် သက်ကြီးရွယ်အိုတဦးအပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်အုပ်စုသည် အရပ်သားပိုင်အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားဖျက်ဆီးခြင်းနှင့် အစုလိုက်ဖမ်းဆီးမှုများကိုလည်း ဆက်လက်ကျူးလွန်နေရာ မေလ ၁၃ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သမိုင်းဝင် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်းရှိ သီလရှင်ဆောင်ကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြေပြင်သတင်းများက ဆိုသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

