စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၅၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၅၅၃) ဦးရှိပြီး ထိုအထဲမှ (၂၂၆၄၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၇၄) ဦးနှင့် အမျိုးသား (၈၀) ဦး စုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက်ကလေး (၂၆) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းတွင် (၄၇) ဦးဖြင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း လေကြောင့်ဖြင့်ပစ်ခတ်မှုကြောင့် အတည်ပြုရန် လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၂၃) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အမှတ် (၈) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ ခင်ဦးမြို့နယ်အတွင်းရှိကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရွာဇင်ကျေးရွာအတွင်းရှိ လမ်းပိုင်းတနေရာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးထိန်မင်း (ခ) ဂေါင်းကြီးနှင့် သမီးဖြစ်သူ မယွန်းယွန်းလေးတို့ကို ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩