စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ် ၂ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ် ၂ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၄၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၅၃၈) ဦးရှိပြီး ထိုအထဲမှ (၂၂၈၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၇၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲစခန်းအသီးသီးရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) ဖြင့် အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၇၃၃၇) ဦးကို ထောင်မှလွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ရာ အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားပြန်လည်လွတ်မြောက်မှုကို အေအေပီပီက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိပြီး ယနေ့ညနေ ၄ နာရီအထိ ကောက်ယူရရှိထားသော သတင်းအချက်အလက်များအရ အကျဉ်းထောင် (၉) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၄၆) ဦး ဝန်းကျင်ကို အရေအတွက်အားဖြင့်လည်းကောင်း၊ အဆိုပါ အရေအတွက်ထဲမှ (၁၀၄) ဦးကို အမည်နှင့်တကွ လည်းကောင်း ပြန်လည်လွတ်မြောက်လာသည်ကို အတည်ပြုနိုင်ခဲ့သည်။ အာဏာသိမ်းစမှ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ စုစုပေါင်း (၂၂၃၅) ဦးရှိခဲ့သည်။ ထိုအရေအတွက်ထဲတွင် အကျဉ်းထောင်များတွင် သေဆုံးခဲ့သူ (၁၉၇) ဦး ပါဝင်သည်။
မှတ်တမ်းနှင့်သုတေသနဌာနမှ လေ့လာစောင့်ကြည့်မှုအရ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုက ဒေသခံ ၇ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့အပြင် မတ်လ ၁ ရက်နေ့က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနားရှိ ကုန်ကားများ ရပ်နားထားသည့် နေရာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

