စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၈၀၇) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၅၀၈) ဦးရှိပြီး ထိုအထဲမှ (၂၂၇၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၅၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်၌ အကျဉ်းသားများအား အလုပ်ကြမ်းစေခိုင်းမှုများရှိနေပြီး ကျန်းမာရေးမကောင်းသဖြင့် အလုပ်လုပ်ရန် ငြင်းဆန်သူများကို ထောင်အာဏာပိုင်များမှ ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအများအပြားမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ဆေးကုသခွင့်လည်းမရရှိနေကြောင်း လေ့လာစောင့်ကြည့်မှုများအရ သိရသည်။

ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့သလို၊ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ စာသင်ကျောင်းနှင့်ဆေးရုံကို စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သရက်ချိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းများက ဆိုသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩