စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဇန်နဝါရီ ၅ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၄၆) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၂၃) ဦးရှိပြီး ထိုအထဲမှ (၂၂၆၈၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၄၃၆) ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ တနှစ်တာကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၂၆၉) ဦးရှိခဲ့ပြီး ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၅၁၄) ဦး သေဆုံးခဲ့သည်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းမှ အမည်နှင့်တကွ မှတ်တမ်းတင်နိုင်ခဲ့သည်။ သေဆုံးသူအရေအတွက်ထဲတွင် (၉၇၅) ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး၊  (၂၁၂) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ ထို့ပြင် (၂၃၆) ဦးမှာ ဖမ်းဆီးခံရပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၄၀ ဦးထက်မနည်း ဗုံးစထိမှန်၍ သေဆုံးခဲ့ပြီး ဒေသခံအများအပြားမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ကိုရဲလင်းဇော်အား ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ အကျဉ်းထောင်အတွင်း၌ လည်း ကောင်းမွန်လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်တို့ မရရှိခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း၌ ကိုရဲလင်းဇော်သည် ဝမ်းရောဂါဖြင့် သာယာဝတီထောင်တွင် သေဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် –      https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org 

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)