စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၆၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၉၇၇) ဦးရှိပြီး ထိုအထဲမှ (၂၂၆၅၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၇၂)ဦးမှာ ထောင်ဒဏ် ချမှတ် ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ (၈၄) ဦး ရှိပြီး ထိုအရေအတွက်တွင် အမည်စာရင်းအတည်ပြုနေဆဲ (၅၄) ဦးပါဝင်သည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ စောင့်ကြည့်လေ့လာမှုအရ နိုင်ငံရေးအကျဉ်းသားများအပေါ် အကျဉ်းထောင်ဝန်ထမ်းများ​၏ အဓမ္မငွေကြေးကောက်ခံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အစရှိသည့် မတရားဖိနှိပ်မှုများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသူတဦး နေမကောင်း၍ လှဲနေသည်ကို မနက်ဘုရားရှိခိုးချိန်တွင် အိပ်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့်  ထောင်အာဏာပိုင်များမှ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စု​၏ အရပ်သားများအပေါ် ပစ်မှတ်ထားနေမှုများ ပိုမိုဆိုးရွားလာလျက်ရှိရာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရှိ နေအိမ်များကို စစ်အုပ်စုက နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ သုံးရက်ဆက်တိုက် မီးရှို့ခဲ့သောကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့သလို၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ၎င်းမြို့နယ်ရှိ ကျေးရွာသုံးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် ပျက်ဆီးခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အုပ်စုက စစ်ကြောင်းဝင်ရောက်ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူများထဲမှ ပြည်သူနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်။ အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘာတလေကျေးရွာနှင့် နွားတင်းကုတ်ကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)