စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၄၁၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၇၄) ဦးရှိပြီး ထိုအထဲမှ (၂၂၅၆၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၇၄)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အောက်တိုဘာလတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်၌ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများတွင် အကျဥ်းသားများအား အလုပ်ကြမ်းများ ခိုင်းစေသည့်အပြင် ထောင်အာဏာပိုင်များက အကျဥ်းသားများထံမှ ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး၊ စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်၌လည်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေပြီး ပြင်ပဆေးရုံတွင် ဆေးကုသခွင့်ရဖို့ရန်အတွက်လည်း ထောင်အာဏာပိုင်များထံ လာဘ်ထိုးနေရကြောင်း သိရသည်။
ထို့ပြင် စစ်အုပ်စုက ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံအနှံ့အရပ်သားပြည်သူများကို တိုက်ခိုက်လျက်ရှိရာ နေအိမ်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကန်တော်ရပ်ကွက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးသုံးဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့သလို၊ အောက်တိုဘာ ၂၃ ရက်နေ့က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ယောက် သေဆုံးခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၂၃ ရက်နေ့က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အိမ်ခြေ ၉၀ ဝန်းကျင်ရှိသော လဘကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အရပ်သားနေအိမ် ၄၀ ဝန်းကျင် ဆုံးရှုံးခဲ့ရပြီး၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ထန်းတပင်ကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ Paramotor ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသမီး နှစ်ဦးသေဆုံးသလို၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကော်ပေါင်ကျေးရွာကို စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

