စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၅၉) ဦးရှိပြီး ထိုအထဲမှ (၂၂၅၄၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၅၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ အမျိုးသမီး (၃၉) ဦးနှင့် အမျိုးသား (၁၈၂) ဦး စုစုပေါင်း (၂၂၁) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၈) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် မန္တလေးတိုင်းမှာ (၇၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းတွင် (၅၄) ဦးဖြင့် ဒုတိယအများဆုံး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၇ ရက်မှစတင်၍ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသည့် အင်အား ၃၀၀ ကျော်ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းက တယ်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့စဉ် ဒေသခံများဖြစ်ကြသည့် ဦးသိန်းဟန်၊ ကိုဇော်ထွန်းနှင့် သူ၏သမီးငယ် မချိုဇင်ထွေးတို့ သုံးဦးကို ဖမ်းဆီးပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်း သုံးလောင်းကို ကျေးရွာအတွင်း၌ တွေ့ရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

