စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   အောက်တိုဘာ ၂၀  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၈၈) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၄၃) ဦးရှိပြီး ထိုအထဲမှ (၂၂၅၃၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၂၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ အကျဉ်းထောင်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်မှု အရ အောက်တိုဘာလတွင် ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသားများနှင့် တခြားအကျဉ်းသားများကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် စစ်တပ်က ဖိအားပေးလုပ် ဆောင်နေပြီး အကယ်၍ အကြိုမဲထည့်ရန် ငြင်းဆန်ပါက တိုက်ပိတ်ခြင်းကဲ့သို့ ထောင်တွင်းပြစ်ဒဏ် များချမှတ်မည်ဟု ခြိမ်းခြောက်ကြိမ်းမောင်းလျက်ရှိကြောင်း သိရသည်။ အခြားတဖက်တွင်လည်း ငြိမ်းချမ်းရေးအကြောင်းပြ၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်နေစဉ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ အရပ်သားပြည်သူ (၇၅) ဦးဝန်းကျင်သေဆုံးခဲ့ရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ မူလတန်းစာသင်ကျောင်းကိုလည်းကောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ အုန်းမစွမ်ကျေးရွာကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ အရာ​တော်မြို့နယ်​မြောက်ပိုင်း၊ သစ်ချို​ကျေးရွာ စာသင်​ကျောင်းအနီးကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကိုလည်းကောင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ကလေးများအပါအဝင် အရပ်သားများ သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/ 
X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)