စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

 

ရက်စွဲ – အောက်တိုဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   အောက်တိုဘာ ၉  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၆၀) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၈၀၁) ဦးရှိပြီး ထိုအထဲမှ (၂၂၅၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၇၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ဘာသာရေးကဏ္ဍမှ စုစုပေါင်း (၂၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၀) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် ရှမ်းပြည်နယ်မှာ (၈) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၆) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ အဆိုပါ (၂၉) ဦးအနက် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၇) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကညနရုံး၌ အထိုင်ချတပ်စွဲထားသော စစ်အုပ်စုနှင့် ရွှေဘိုမြို့ပေါ်ရှိထောက်ပို့တပ်တို့မှ ပူးပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ ပြီး ကိုရင်ငယ်လေးပါးကို ကျည်စထိမှန်၍ ပျံလွန်တော်မူခဲ့သည်။ ကိုရင်လေးပါး၏ အမည်များမှာ ဉာဏိက၊ ဥတ္တမ၊ ဝိမလ၊မေဓါနန္ဒ တို့ဖြစ်ကြသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)