၂၀၂၅၊ စက်တင်ဘာလ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၅၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ

အောက်တိုဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၇) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၆) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၄) ဦး ပါဝင်သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၀၅) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“စာသင်ကျောင်းကို ဗုံးကြဲတာ၊ ဘာသာရေးအဆောက်အဦးတွေကို တိုက်ခိုက်တာ၊ ကျောင်းသားတွေ၊ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ မတရားဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်တာ၊ လူငယ်တွေကို အတင်းအကြပ် စစ်ထဲသွပ်သွင်းပြီး လူသားဒိုင်းတွေအဖြစ် အသုံးချနေတာတွေဟာ ကမ္ဘာကြီးရဲ့ နေရာအချို့မှာ ဖြစ်ပျက်နေပါတယ်။ အဲသလိုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာဆိုရင်လည်း နေ့တဓူဝ ဖြစ်ပျက်နေတာပါ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီလိုဖြစ်ရပ်တွေဟာ သူ့ကိုယ်သူ စစ်ကော်မရှင်လို့အမည်တပ်ထားတဲ့ မင်းအောင်လိူင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်တာပါ။ ဒါဟာ စစ်ရာဇဝတ်မှုပါ၊ ဒါဟာ လူသားဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ရာဇဝတ်မှုပါ။ ဒီလို ကျူးလွန်နေခြင်းမျိုးကို ထောက်ခံပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်နဲ့ နိုင်ငံရေးအရ ထောက်ခံအားပေးနေတဲ့ နိုင်ငံတွေရှိသလို၊ မထောက်ခံဘဲ ဒဏ်ခတ်အရေးယူနေတဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက မတရားအာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ခြင်းအတွက် ထိရောက်ပြင်းထန်တဲ့ သတင်းစကားနဲ့ လက်တွေ့လုပ်ဆောင်ချက်များ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။” ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)