စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၇၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၀၄) ဦးရှိပြီး ထိုအထဲမှ (၂၂၄၂၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၀၄)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏တရားဝင်ထိန်းသိမ်းရေးစခန်းများ၌ သေဆုံးသူ စုစုပေါင်း (၉၃) ဦးရှိသည်။ ထိုအထဲတွင် စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၆) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၅၉) ဦးရှိခဲ့သည်ကို အမည် နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှ ကိုကျော်လင်းအောင် (ခ) ပြည်ကျော်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၁ (ဂ) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သရက်ခရိုင်တရားရုံးမှ စုစုပေါင်း ထောင်ဒဏ် (၁၁) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ၎င်းသည် သရက်အကျဉ်းထောင်အတွင်း၌ အကျဉ်းကျခံနေစဉ် ယခင်က ရောဂါအခံမရှိသော်လည်း ကောင်းမွန်လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်တို့ကို မရရှိခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျန်းမာရေးချို့ယွင်းလာခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထောင်အတွင်းရှိ ဆေးရုံဆောင်၌ ကုသမှုခံယူခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် သရက်ခရိုင်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့၍ ကုသမှုခံယူခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကိုကျော်လင်းအောင် (ခ) ပြည်ကျော် သည် အသက်ရှုကြပ်၍ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

