စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၃၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၉၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၆၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်ကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၇) ဦး ပါဝင်သည်။ ထိုအရေအတွက်တွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ ၎င်း (၁၅) ဦးအနက် ချင်းပြည်နယ်မှာ (၆) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်သည်။ ထို့အပြင် အဆိုပါကာလအတွင်း သေဆုံးခဲ့ရသော အမည်နှင့်တကွ အတည်ပြုရန်လိုအပ်နေဆဲ အရပ်သား (၄၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းထားသည်။
ဧပြီလ ၉ ရက်နေ့၊ ညပိုင်းအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်လေးဦးအပါအဝင်မိသားစုဝင်ခြောက်ဦးမှာ ဗုံးစထိမှန်၍ နေရာတွင်သေဆုံးခဲ့ပြီး တဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။ သေဆုံးသူများမှာ ကျိန်ရှဲင်းဒွန်၊ ပေါင်ရှန်ခမ်းနှင့် ၎င်းတို့၏ ကလေးငယ်များဖြစ်ကြသည့် ထန်ဆွန်ဒိတ်ရှန်၊ လျန်စိန်းရှန်နွမ်၊ ထန်ကိမ်းဒိတ်ပြန်နှင့် ထန်ခမ်းမှုန်ဗန်း တို့ဖြစ်ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)