စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီလ ၈ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီလ ၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၈၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၀၇) ဦးရှိပြီး ထိုအထဲမှ (၂၂၁၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၅၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၁) ဦးနှင့် အမျိုးသား (၂၈) ဦး စုစုပေါင်း (၅၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၈) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် (၄၄) ဦးသည် စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခိုက်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပါသည်။
ဧပြီလ ၆ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ Paramotorများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်သန်းနု၊ ဒေါ်မြတုတ်နှင့် ဦးဝင်းဇော်ဦးတို့ မောင်နှမသုံးဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ပြီး ၎င်းတို့၏နေအိမ်နှင့်ရုပ်အလောင်းများသည်လည်း မီးလောင်ပြာကျသွားခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)