စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၈၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၉၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စောင့်ကြည့်လေ့လာမှုများအရ အကြမ်းဖက်စစ်အုပ်စုက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်ဟုဆိုကာ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိကို ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်တချို့၌ နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ဧပြီလ ၄ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပီကင်းကောခူကျေးရွာကို စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းအပါအဝင် လူနေအိမ်များပျက်စီးခဲ့ပြီး အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၅ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ကိုလည်းကောင်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကိုလည်းကောင်း၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကိုလည်းကောင်း စစ်အုပ်စုမှ လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရရှိခဲ့သည်။ ဧပြီလ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ကို စစ်အုပ်စုက စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)