စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီလ ၄ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဧပြီလ ၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၈၁) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၉၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သော စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၄) ဦး၊ ရဲစခန်း၌ သေဆုံးသူ အမျိုးသား (၃) ဦးနှင့် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၅) ဦး၊ စုစုပေါင်း (၁၃) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ 

မတ်လ ၁၉ ရက်နေ့၊ ည ၇ နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်မှ လူငယ်တဦးဖြစ်သည့် ကိုနေတိုးသည် ကိုရီးယား(BXT)ဆိပ်ကမ်းအနီးတွင် မုန့်ဝယ်စားနေစဉ် ကင်းလှည့်နေသော အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်၍ အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)သို့ ပို့ဆောင်စစ်ဆေးကာ ညဉ်းပန်းနှိပ်စက်မှုကြောင့် သေလုမြောပါးဒဏ်ရာများရရှိပြီး သုံးရက်အကြာတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့သည်။ မတ်လ ၂၁ ရက်နေ့တွင် မိသားစုဝင်များကို ၎င်း၏ရုပ်အလောင်းအား စစ်တွေဆေးရုံ၌ လာရောက်ထုတ်ယူရန်  အကြောင်းကြားခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)