၂၀၂၅၊ မတ်လ တလတာအနှစ်ချုပ်အစီရင်ခံစာ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၆) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၀) ဦး သေဆုံးခဲ့သည်။
ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထား သည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမို များပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၂၅) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
“မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းဒေသအခြေပြုပြီး ၇.၇ ရှိတဲ့ အလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တယ်။ အသက်အိုးအိမ်များစွာ သေကြေပျက်စီးခဲ့တယ်။ ငလျင်ဒဏ်သင့်တဲ့ အကျဉ်းထောင်တွေထဲမှာလည်း အဆောက်အဦများ ပျက်စီးပြိုကျမှုရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုရှိခဲ့ပါတယ်။ သို့သော်လည်း အကြမ်းဖက်စစ်အုပ်စုက မိသားစုကိုတောင် အသိ ပေးတာမလုပ်ခဲ့ပါဘူး။ တချိန်တည်းမှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုရှိခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်မှာ ကြီးမားတဲ့ သဘာဝဘေးနဲ့ ကြုံတွေ့နေတာတောင် အကြမ်းဖက်စစ်အုပ်စုရဲ့ အယုတ်မာဆုံး လုပ်ရပ်တွေကို ကျူးလွန်နေကြောင်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ငလျင်ဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိိုက်မှုကြောင့်ဒုက္ခရောက်နေကြသူတွေ၊ သေဆုံးခဲ့ရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ခံနေရသူတွေကို ကူညီဖို့လည်း အရေးကြီးပါတယ်။ “ ကိုတိတ်နိုင်၊ အတွင်းရေးမှူး (အေအေပီပီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)