⁨လက်နက်ကြီးရန်၏ ပဲ့တင်သံများ

ဧပြီ (၁) ရက်၊ ၂၀၂၅

၂၀၂၁ ခုနှစ် နိုင်ငံတော်အာဏာကို စစ်တပ်က အကြမ်းဖက်လုယူချိန်မှစ၍ စစ်အုပ်စုအား မြန်မာနိုင်ငံအနှံ့ ဆန့်ကျင်တော်လှန်မှုများ အရှိန် အဟုန်ဖြင့် မြင့်တက်လာလျက်ရှိရာ အကြမ်းဖက်စစ်တပ်က အဆိုပါ ခုခံမှုများအား အင်အားသုံးဖြိုခွင်းနှိမ်နင်းမှုများဖြင့် ဖိနှိပ်မှုများကို ပိုမိုဆိုးရွားစွာ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်သည့် ဒေသများတွင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိရာ အရပ်သားထိခိုက်၊ သေဆုံးခြင်းနှင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်းတို့ နေ့စဉ်နှင့်အမျှ ကြုံ တွေ့နေရသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအရ စစ်ပွဲအခြေအနေပင်ဖြစ်လင့်ကစား အရပ်သားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရမည့် တာဝန်ရှိသကဲ့သို့၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ၌လည်း စစ်ပွဲတွင်မပါဝင်သူများကို ကာကွယ်စောင့်ရှောက်ရမည်ဟု ပြဌာန်းထားသော်လည်း ယခု ကဲ့သို့ စစ်ဘက်၊အရပ်ဘက် ခွဲခြားခြင်းမရှိသော တိုက်ခိုက်မှုများ၊ အရပ်သားပိုင်ပစ္စည်းများကို ပစ်မှတ်ထားဖျက်ဆီးမှုများနှင့် အင်အားအ လွန်အကျွံသုံး အကြမ်းဖက်မှုများကို ကျူးလွန်မှုများကြောင့် အရပ်သားပြည်သူများမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများအပါအဝင် အသက်အန္တရာယ်မလုံခြုံမှုများနှင့် နောက်ဆက်တွဲ ဆင်းရဲဒုက္ခအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာ သိမ်းချိန်မှ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၁၃၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန် လိုအပ်လျက်ရှိသည့် သေဆုံးသူ အနည်းဆုံး (၉၀၃) ဝန်းကျင်ခန့်ကိုလည်း သီးခြားကောက်ယူ စုဆောင်းထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩