စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၆၇) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၄၈) ဦးရှိပြီး ထိုအထဲမှ (၂၂၁၅၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက  အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၄၄) ဦး စုစုပေါင်း (၅၆) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့သည်။ ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၃၄) ဦးနှင့် အမျိုးသား (၆၉) ဦး စုစုပေါင်း (၁၀၃) ဦး ရှိခဲ့သည်။ ထိုအရေအတွက်တွင် စစ်ကိုင်းတိုင်းမှာ (၇၁) ဦးဖြင့် အများဆုံးထောင်ဒဏ်ချမှတ်ခံထားရပြီး၊ သေဒဏ်ချမှတ်ခံရသူ (၂) ဦး ပါဝင်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နေ မြင့်မြင့်အေးအား သားဖြစ်သူသည် ရဲ CDM ဖြစ်သည့်အပြင် ခင်ပွန်းဖြစ်သူမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်သောကြောင့် ၎င်းတို့နှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စုက စွပ်စွဲဖမ်းဆီးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပေါင်းတည်မြို့နယ်စစ်ခုံရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၂ (က) တို့အရ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့နောက် ပေါင်းတည်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ပြောင်းရွှေ့ခြင်းခံရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)